မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချနေသော ရာသီစာဂွေးတောက်ရွက်ဈေးနှုန်း

Powered by Drupal

   မြင်းခြံမြို့ပေါ်ရှိ အေးမြသီတာဈေးတွင် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရာသီပေါ် ဂွေးတောက်ရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

          ပေါ်ဦးပေါ်ဖျားဂွေးတောက်ရွက်ကို မြန်မာလူမျိုးတို့အနေဖြင့် ကြက်ဥဖြင့်ရောကြော်၍ လည်းကောင်း၊ ကြက်သားဖြင့် ဟင်းရည်ချက်၍သော်လည်းကောင်း ၊ ငါးပိရည်၊ ငံပြာရည်ချက်တို့နှင့် တွဲဖက်၍ အတို့အမြှုပ်အဖြစ်လည်းကောင်း၊ ဘယာကြော်နှင့်ရောနှောချက်ပြုတ်၍လည်းကောင်း ပုံစံမျိုးမျိုးဖြင့်ချက်ပြုတ်စားသုံးကြရာ ခံတွင်းရှင်း၍ ထမင်းမြိန်စေသော အရွက်တစ်မျိုးဖြစ်ပါသည်။ ယခုမတ်လတတိယပတ်အတွင်း အေးမြသီတာဈေးတွင်ရောင်းချနေသည့် ဂွေးတောက်ရွက်ဈေးနှုန်း မှာ (၁၀)ကျပ်သားလျှင် (၈၀၀/၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းနှင့် မြင်းခြံမြို့နယ် အတွင်းရှိ သမုန်းကိုင်း၊ ပျော်ဘွယ်စံပြကျေးရွာများမှ အများဆုံးထွက်ရှိပြီး ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)