ဓာတ်စာတစ်မျိုးဖြစ်သော ကင်ပွန်းချဉ်

Powered by Drupal

     ကင်ပွန်းချဉ်ပင်သည် အပင်ကြီးမျိုးဖြစ်သော်လည်း အကိုင်းအခက်အညွှန့်မများမှာ မဖြတ် မတောက်ပဲထားလျှင် နွယ်ပုံစံမျိုးဖြစ်တတ်ပြီး အရွက်အဖူးရရှိမှုနည်းပါးသွားနိုင်ပြီး၊ ကင်ပွန်းချဉ်ရိုး တံတွင် ဆူးလေးများရှိပါကာ အရွက်သေးသေးနုနုလေးများနှင့် အဖူးလေးများမှာလည်း စားချင် သဖွယ်ကောင်းသော အပင်တစ်မျိုးဖြစ်ပါသည်။ ကင်ပွန်းချဉ်ရွက်တွင် အနီမျိုးနှင့်အဖြူမျိုးဟူ၍ နှစ်မျိုးရှိပြီး ဆူးပါရှိသောအပင်မျိုးဖြစ်၍ စားသုံးမှုအတွက်ဖြစ်စေ၊ ခြံဝန်းလုံခြုံမှုအတွက်ဖြစ်စေ ခြံစည်းရိုးများတွင် အကာအရံအဖြစ်စိုက်ပျိုးကြသလို ကြိုက်နှစ်သက်မှု၊ စားသုံးသူများပြားလာသဖြင့် စီးပွားဖြစ်အခင်းလိုက် စိုက်ပျိုးလာကြပါသည်။ ကင်ပွန်းချဉ်ရွက်သည် မြန်မာလူမျိုးများအတွက် ကျန်းမာရေးတွင်လည်း ဓာတ်စာတစ်မျိုးအဖြစ်ရှေးယခင်ကတည်းက စားသုံးကြသောအရွက် တစ်မျိုးဖြစ်ပါသည်။ မကျန်းမာသူများအတွက်၊ ခံတွင်းပျက်သူများအတွက် ငါးကျည်းကိုကင်၍ ကင်မွန်းချဉ်နှင့်ဟင်းရည်သောက်ပြုလုပ်၍သောက်သုံးစေခြင်းဖြင့်  ရောဂါသက်သာပျောက်ကင်း စေပြီး အစားစားချင်စိတ်ကို ပြန်လည်ဖြစ်ပေါ်ကောင်းမွန်သောအရွက်တစ်မျိုးဖြစ်ကာ ရှေးဓာတ်စာ ဆရာများမှ ဓာတ်စာဆေးအဖြစ်ပေးလေ့ရှိခဲ့ကြောင်းသိရပါသည်။ ကင်ပွန်းချဉ်ပင်ကိုဒေသမရွေး စိုက်ပျိုးနိုင်ပြီး မိုးနည်းသောဒေသတွင် ရေကိုစနစ်တကျပြည့်ဝစွာပေးနိုင်ပါကလည်း စိုက်ပျိုး  ဖြစ်ထွန်းနိုင်ပါသည်။ ကင်ပွန်းချဉ်ရွက်ကို ဟင်းရည်အဖြစ်သော်လည်းကောင်း၊ ကင်မွန်းချဉ်ရွက်ကို ပုဇွန်အစို (သို့)ပုဇွန် ခြောက်နှင့်ရော၍သော်လည်းကောင်း မျိုးစုံပြုလုပ်စားသုံးကြလေ့ရှိပါသည်။ မြင်းခြံမြို့နယ်ရှိ ကျေးလက်ဒေသများမှစိုက်ပျိုးထွက်ရှိသော ကင်မွန်းချဉ်ရွက်များကို အေးမြသီတာ ဈေး၊ စံပြဈေးနှင့်မြို့နယ်စည်ပင်သာယာဈေးကြီးတို့တွင် ရောင်းချလျက်ရှိရာ (၁၀)ကျပ်သားကို (၈၀၀ မှ ၁၀၀၀)ကျပ်ခန့်အထိ ဈေးနှုန်းရှိပြီး ဝယ်ယူစားသုံးမှုများကြောင်း သိရှိရသည်။

DOCA(မန္တလေး)