ရာသီစာနှင်းသီးနှင့်ကျန်းမာရေး

Powered by Drupal

ဆောင်းကုန် နွေကူးကာလ၏ ရာသီစာဖြစ်သည့် နှင်းသီးကို Rose Apple ဟု ခေါ်ကြသကဲ့သို့ Plum Rose ၊ Malay Apple ၊ Malay Rose Apple စသဖြင့် အမျိုးမျိုးခေါ်လေ့ရှိကြသည်။ အိန္ဒိယတွင်မူ Jambu ဟူ၍ ခေါ်ကြပါသည်။ အသီးနုနယ်ချိန်၌ အစိမ်းနုရောင်ဖြစ်၍ ရင့်မှည့်လာချိန်တွင် ပန်းရင့်ရောင်အဆင်း ရှိသည်။ အခိုင်လိုက်သီးတတ်သည့် အပင်ကြီးမျိုးဖြစ်သည်။ အရှေ့တောင်အာရှ မျိုးရင်းစစ်စစ်ဖြစ်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်းအပါအဝင် လူ့ကျန်းမာရေးကို များစွာ အထောက်အကူပြုသော အသီးတစ်မျိုး ဖြစ်သည်။

          နှင်းသီးတွင်  Niacin ၊ Riboflavin၊ Thiamin၊ ဗီတာမင် A ဗီတာမင် B-12 ၊ ဗီတာမင် C၊ Calcium ၊ Copper ၊ Iron ၊ Magnesium ၊ Manganese ၊ Phosphorus ၊ Potassium၊ Sodium၊ Zinc နှင့် Protein တို့ ပါဝင်နေပြီး ဗီတာမင် A နှင့် Potassium ပါဝင်မှုသည် ပမာဏ အများစု ဖြစ်သည်။ ယခုကဲ့သို့ ပူပြင်းလှသည့် နွေရာသီကာလတွင်  အရည်ရွှမ်း၍ အရသာထူးသည့် နှင်းသီးကို စားသုံးခြင်း သည် ခန္ဓာကိုယ်အတွင်း ရေဓာတ်မဆုံးရှုံးစေရန် အသုံးပြုသင့်သည့် နည်းလမ်းတစ်ခုပင်ဖြစ်သည်။ အသားအရေကြည်လင်စေသည့်အပြင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်သည့် ဒြပ်ပေါင်းများ ပါဝင်၍ UVB အန္တရာယ် မှ ကာကွယ်ပေးနိုင်သောကြောင့် ပျိုရွယ်သူအမျိုးသမီးငယ်များ အထူး စားသုံးသင့်သော အသီးတစ်မျိုးလည်း ဖြစ်သည်။

 နှင်းသီးတွင် ကယ်လိုရီပါဝင်မှုနည်းပါးခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝခြင်း၊ ဗီတာမင်စီဓာတ်များ ကြွယ်ဝစွာပါရှိခြင်းတို့ကြောင့် နှင်းသီးစား၍ ကိုယ်အလေးချိန် မတက်အောင် ထိန်းထားနိုင်သည်။ နာတာရှည် ကိုယ်ခံအားစနစ်ဖောက်ပြန်မှု ရောဂါဖြစ်သော Coeliac Disease ကို သက်သာစေနိုင်ကြောင်းလည်း သိရသည်။ အထူးသဖြင့် နှလုံးရောဂါအမျိုးမျိုးနှင့် နှလုံးသွေးကြော ဆိုင်ရာ ဝေဒနာရှင်များအတွက် သင့်လျော်သော သစ်သီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီး၌ နှင်းသီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ဒေသခံများက နှင်းပန်းသီး ဟု တင်စားခေါ်ဝေါ်ကြကြောင်း၊ မြန်မာနိုင်ငံရှိ အချို့အိမ်များတွင် ဥယျာဉ်ခြံငယ် ပုံစံဖြင့် အရိပ်ရသီးပင်အဖြစ် စိုက်ပျိုးကြကြောင်းသိရသည်။

ပုံမှန်အားဖြင့် မြန်မာဈေးကွက်အတွင်း ရောင်းချမှုအား တွေ့ရလေ့မရှိဘဲ သီးပင်၊ စားပင် ၊ ပျိုးပင် များအား Online  မှ တဆင့် ရောင်းချပေးလျက် ရှိသည့် “Food Perfect Mini Garden Center” (Facebook Page) မှ  မြန်မာမျိုးစိတ်နှင်းသီးပင် (၁)ပင်လျှင် ၈၀၀၀ ကျပ်၊  ယိုးဒယားနှင်းသီး (၁)ပင် လျှင် ၁၅၀၀၀ ကျပ် ၊ မလေးရှားနှင်းသီး(၁)ပင်လျှင် ၁၅၀၀၀ ကျပ် တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

နှင်းသီးကို အစိမ်းအတိုင်းစားသုံးမှုများပြားပြီး အခြားနည်းလမ်းများဖြင့်လည်း စားသုံးနိုင် ပါသည်။ သစ်သီးယိုအနေဖြင့် ဖန်တီးမှီဝဲနိုင်သကဲ့သို့ သရေစာသစ်သီးအဖြစ်လည်း စားသုံးနိုင်သည်။ အခြားနိုင်ငံများ၌ နှင်းသီးကို အချိုရည်၊ ယို၊ ဂျယ်လီအဖြစ် ပြုလုပ်စားသုံးကြသည့်အပြင် အလှကုန် ပစ္စည်းများတွင် ပါဝင်ပစ္စည်းအဖြစ် ထည့်သွင်းအသုံးပြုလေ့ရှိသည့် အဖိုးတန်သစ်သီးဝလံတစ်မျိုး ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)