
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဗိုလ်ကိတ်ပဲ တင်ပို့ ရောင်းချမှုမှာ အလာအလာကောင်းရှိသော စီးပွားရေးအခွင့်အလမ်းတစ်ခုအဖြစ် ပိုမိုကောင်းမွန် ရပ်တည်လာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒေသတွင်း ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် များ၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ် အရေအတွက် ၇၂,၀၀၀ ထိကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင် ဇန်နဝါရီလအတွင်းတွင် တင်ပို့ရောင်းချမှုအရေအတွက်မှာ ၅၅,၀၀၀ အိတ်သာရှိခဲ့ သော် လည်း၊ ဖေဖော်ဝါရီလတွင် ထိုအရေအတွက်က ထင်ရှားစွာ တိုးတက်လာခြင်းသည် ရောင်းအား ကောင်းမွန်မှုနှင့် စျေးကွက်လိုအပ်ချက် တိုးမြင့်လာမှုတို့နှင့် ဆက်စပ်နေသည်ဟု သုံးသပ်လို့ ရနိုင်ပါ တယ်။
တင်ပို့ရောင်းချမှု အနေဖြင့် ကျုံပျော်မှ စိုက်ပျိုးထွက်ရှိလာသော ဗိုလ်ကိတ်ပဲများအား ဒေသခံလယ်ယာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များမှ ဝယ်ယူပြီး ရန်ကုန်မြို့တွင်ရှိသည့် အပြင် နယ်မြို့များရှိ စျေးကွက်များထံသို့ပါ တင်ပို့ရောင်းချနေကြပါတယ်။ ဒေသထွက် ပဲမျိုးစုံများအပေါ်တွင် စျေးကွက်တောင်းဆိုမှု တိုးလာနေခြင်းသည်၊ တောင်သူများမှစ၍ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များအထိ စီးပွားရေးအခွင့်အလမ်း တိုးတက်လာစေနိုင်သည်ကို ထင်ရှားစွာ ပြသနေပါတယ်။
ဒေသခံပွဲရုံပိုင်ရှင်များ၏ ပြောကြားချက်အရ “ဖေဖော်ဝါရီလတွင်း ကျုံပျော်မြို့နယ်ကနေ ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ် ၇၂,၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမှာလည်း ရန်ကုန်ဈေးကွက်ကနေ ဝယ်ယူမှုအများအပြားရှိနေတယ်။ ဒေသထွက်ပဲတွေ၊ စပါးတွေကိုလည်း ကျွန်တော်တို့ ကုန်သည်တွေနဲ့ ပွဲရုံလုပ်ငန်းရှင်တွေက ရန်ကုန်ဈေးကွက်ကိုပဲ အများဆုံး တင်ပို့ရောင်းချနေကြတာပါ။ ဗိုလ်ကိတ်ပဲတင်ပို့မှုများလာတာကြောင့် လုပ်ငန်းတွေလည်း ပြေပြစ်နေပါတယ်” ဟု သိရှိရပါတယ်။ ဈေးကွက်ထဲတွင် ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၀၅,၀၀၀ ခန့်ပေါက်ဈေး ဖြင့် ရောင်းချနေနိုင်ပြီ ဖြစ်သောကြောင့် ပဲစိုက်တောင်သူများ နှင့် ပွဲရုံလုပ်ငန်းပိုင်ရှင်များအပြင် ကုန်တင်ကုန်ချလုပ်သားများနှင့် ကုန်တင်ယာဉ်ငှားလုပ်ငန်းများအထိ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာနေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
DOCA(ဧရာဝတီ)