
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်မှ စိုက်ပျိုးထွက်ရှိသည့် စပါးများအား ရန်ကုန်ဈေးကွက် သို့ တင်ပို့ရောင်းချလျှက်ရှိရာတွင် ကျားပျံစပါးအမျိုးအစားမှာ အများဆုံး တင်ပို့ရောင်းချနေရသော စပါးအမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေသခံ ဆန်၊ စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် တို့၏ ပြောပြချက်အရ ရန်ကုန်ဈေးကွက်တွင် ကျားပျံစပါး ဝယ်ယူလိုအား မြင့်တက်နေသည့်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ကျားပျံစပါး အမျိုးအစားတင်းရေ ၅၅၀၀၀ ထိသာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း၊ ဖေဖော်ဝါရီလအတွင်းတွင် တင်းရေ ၇၅၀၀၀ ထိရောင်းချနိုင်ခဲ့သည့်အတွက် တစ်လအတွင်းတွင် တင်ပို့မှုအရေအတွက် သိသာစွာတိုးတက်လာပါကြောင်း နှင့် မတ်လအတွင်း၌လည်း ကျားပျံစပါးတင်ပို့မှုမှာလည်း မြင့်တက်ရန်သာရှိကြောင်း ကိုလည်း သိရှိရပါတယ်။
ကျားပျံစပါးသည် ဆန်အချောအုပ်စုတွင် ပါဝင်သည့် စပါးအမျိုးအစားဖြစ်ပြီး၊ ထိုစပါးကို ပြန်လည်သန့်စင်ပြီး ဆန်ထုတ်လုပ်ရာတွင် အရည်အသွေးမြင့် ဆန်ထွက်လာနိုင်ခြင်းကြောင့် ဈေးကွက်အတွင်းမှာ ရေပန်းအစားဆုံးဖြစ်နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်ပင် ရန်ကုန် ဈေးကွက်မှ လက်လီ၊ လက်ကားစျေးဝယ်သူများအနေဖြင့် ကျားပျံစပါးကို ဝယ်လိုအား တိုးလာ တာ ဖြစ်ပါတယ်။ ထို့အပြင်၊ ဝါးခယ်မမြို့နယ်မှ တင်ပို့ရောင်းချသည့် ကျားပျံစပါး အမျိုး အစားသည် တင်းရေ ၁၀၀ ကို ငွေကျပ် ၁၇၅၀၀၀၀ ထိပေါက်ဈေးရှိနေပြီး၊ ဈေးနှုန်း အရင်း အမြစ်များအပေါ် မူတည်၍ တစ်ချို့အချိန်များတွင် ပိုမိုမြင့်မားလာနိုင်ခြင်း များလည်း ရှိနေပါတယ်။ ဤအနေအထားသည် တောင်သူများအတွက် အမြတ်အစွန်းရရှိလာသည့်အပြင်၊ တင်ပို့လုပ်ငန်းနှင့်ဆက်နွယ်သည့် အခြားပတ်ဝန်းကျင်အတွင်းရှိအလုပ်အကိုင်များ ဖြစ်သည့် ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်မောင်းများနှင့် အငှားယာဉ်လိုက်များ အတွက် လည်း စီးပွားရေးအကျိုးအမြတ်များခံစားနိုင်ကြတော့မည် ဖြစ်ပါတယ်။
DOCA(ဧရာဝတီ)