
မန္တလေးတိုင်းဒေသကြီးအတွင်း အစေ့ထုတ်ပြောင်းကိုမြင်းခြံခရိုင်နှင့်ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းခရိုင်၊ တံတားဦးခရိုင်နှင့် မတ္တရာမြို့နယ်တို့တွင် စိုက်ပျိုးကြပြီး မြင်းခြံခရိုင်တွင် အများဆုံး စိုက်ပျိုးကြသည်။၂၀၂၄-၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက် စိုက်ပျိုးမှု အနေဖြင့် အစေ့ထုတ်ပြောင်း(မိုး)ကို (၁၈၀၈၆)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်(၅၇.၂၂) တင်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။ အစေ့ထုတ်ပြောင်း(ဆောင်း)ကို (၂၁၉၉၆)ဧက စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလမှ စတင်၍ ရိတ်သိမ်းခဲ့ရာ မတ်လအထိ ရိတ်သိမ်းဆဲဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီး ဌာန၏ စာရင်းများအရ သိရှိရသည်။
မန္တလေးမြို့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ပြင်ဦးလွင်မြို့နယ်တို့မှ အစေ့ထုတ်ပြောင်းများ ဝင်ရောက်မှုရှိပြီး မန္တလေးကုန်စည်ဒိုင်၌ မတ်လ တတိယပတ်တွင် ပြောင်းဖူး(ရှမ်း)တစ်ပိဿာလျှင် (၁၅၅၆-၁၅၇၄)ကျပ်၊ ပြောင်းဖူး(CP)တစ်ပိဿာလျှင်(၁၅၅၆)ကျပ်၊ ပြောင်းဖူး(ဗမာ)တစ်ပိဿာ လျှင်(၁၅၁၉)ကျပ်ခန့် ဖြစ်ပေါ်ခဲ့သည်။ယခင်လတွင်ပြောင်းဖူး(ရှမ်း)တစ်ပိဿာလျှင်(၁၅၃၇-၁၅၅၆) ကျပ်၊ ပြောင်းဖူး(CP)တစ်ပိဿာလျှင် (၁၅၃၇-၁၅၅၆)ကျပ်၊ ပြောင်းဖူး(ဗမာ)တစ်ပိဿာလျှင် (၁၅၀၀-၁၅၁၉)ကျပ်ခန့် ဖြစ်ပေါ်ခဲ့သဖြင့် ယခင်လနှင့်နှိုင်းယှဉ်ပါက ပြောင်းဈေးနှုန်းများ သိသိသာသာ ပြောင်းလဲမှု မရှိဘဲ ဈေးငြိမ်လျက်ရှိကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီးသို့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ပိန်၊ ကျောက်မဲ၊ နမ့်လန်၊ သီပေါ၊ အင်ဝိုင်း၊ ဝက်ဝံနှင့် ပြင်ဦးလွင်မြို့နယ်တို့မှ (၁၆)မိုင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်း၍ အစေ့ထုတ် ပြောင်းများ ဝင်ရောက်လျက်ရှိရာ မတ်လ ပထမပတ်မှ တတိယပတ်အတွင်း (၁၅၂၂၄)တန်ခန့် ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)