ဆိပ်ဖြူမြို့နယ်၌ ဂျပန်(ပဲယင်းနီ)စိုက်တောင်သူများ အကျိုးအမြတ်များစွာရရှိ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူ များသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် သီးနှံမျိုးစုံကိုစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဈေးကွက် ခိုင်မာလျက်ရှိသော ဂျပန်ပဲယင်း(နီ)ကို တောင်သူများ စတင်စိုက်ပျိုးကြကြောင်း သိရှိရသည်။

          တောင်သူတစ်ဦးက ယခုနှစ်တွင် ဂျပန်ပဲယင်း(နီ) (၀.၅)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင်လွယ်ကူပြီး ကုန်ကျစရိတ်သက်သာ၍ နှစ်စဉ် တပိုင်တနိုင်စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် နယ်မြေဒေသရာသီဥတုနှင့် ကိုက်ညီမှုရှိခြင်းကြောင့် ပဲယင်း(နီ)ကို ကြက်သွန်နီသီးနှံ အစားထိုး စိုက်ပျိုးကြောင်း၊ ဂျပန်ပဲယင်း(နီ)မျိုးများကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် စိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ မတ်လတွင် ရိတ်သိမ်းကြောင်း၊ (၀.၅)ဧကလျှင် ပဲယင်း(နီ) နှစ်ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့ တစ်တင်းလျှင် ကျပ်(၁၃၀၀၀၀)ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးရာတွင်လွယ်ကူပြီး အလုပ်သမား ငှားရမ်းရမှုနည်းခြင်း၊ သွင်းအားစုနှင့် ပိုးသတ်ဆေးပက်ဖျန်းခြင်းများ မပြုလုပ်ရ၍ ကုန်ကျစရိတ် နည်းပါးကြောင်း၊ (၀.၅)ဧကစိုက်ပျိုးထားပြီး ရေမြေရာသီဥတုကောင်းမွန်ခြင်းကြောင့် ပဲယင်းမှာ တင်း(၂၀) ခန့်ထွက် ရှိကြောင်း၊ တစ်တင်းလျှင် သီးနှံပေါ်စ၌ ဒေသပေါက်ဈေးမှာ ကျပ်(၇၉၀၀၀-၈၀၀၀၀)ဖြင့် ရောင်းချခဲ့ရ၍ ကျပ်(၁၆)သိန်းခန့်ရရှိပြီး ကုန်ကျစရိတ်မှာ ကျပ် (၃၀၀၀၀၀)ဝန်းကျင်ခန့် ကုန်ကျခဲ့၍ ကျပ်(၁၃)သိန်းခန့်အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဂျပန်ပဲယင်း(နီ)စိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ အဆင်ပြေကြောင်း ဒေသခံတောင်သူထံမှ သိရှိရပါသည်။

             ဂျပန်ပဲယင်း(နီ)သီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပပို့ကုန်အဖြစ် တင်ပို့ လျက်သော သီးနှံဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိပြီး စိုက်ပျိုးရာတွင် လွယ်ကူပြီး ကုန်ကျစရိတ် သက်သာစွာဖြင့် အလွယ်တကူရရှိသောသီးနှံဖြစ်၍ စိုက်တောင်သူများ နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်း သိရှိရပါသည်။

DOCA(မကွေး)