
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်သည်လယ်ယာစိုက်ပျိုးရေးနှင့်ဥယျာဉ်ခြံမြေလုပ်ငန်း ကိုအဓိကထားလုပ်ကိုင်ကြပြီး၊ဒေသတွင်းကုန်ထုတ်လုပ်ငန်းများဖြစ်သည့် အသေးစားစက်မှု/ လက်မှု လုပ်ငန်းများလည်း လုပ်ကိုင်ကြပါသည်။ ထိုလုပ်ငန်းများအထဲမှ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ ကွင်းကောက်တောင်အုပ်စု၊ ရွာကလေးရွာတွင် ဝါးထရံလုပ်ငန်းကို အိမ်တိုင်းစေ့နီးပါး တစ်နိူင်တစ်ပိုင် လုပ်ကိုင်ကြရာ (၂၁.၃.၂၀၂၅)ရက်နေ့တွင် ရွာကလေးရွာရှိ ဝါးထရံထုတ်လုပ်သည့် လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ သွားရောက်၍ လုပ်ငန်း အခြေအနေ များကို ကွင်းဆင်းလေ့လာခဲ့ပါသည်။ ဝါးထရံလုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသော ကုန်ကြမ်း ပစ္စည်း ခရင်ဝါးများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း တောင်ရိုးဒေသများမှ ဝယ်ယူပါသည်။ လုပ်ငန်းစတင်လုပ်ကိုင်ချိန်တွင် ရင်းနှီးငွေ ၂၅ သိန်းရင်းနှီးလုပ်ကိုင်ခဲ့ကြောင်း၊ အလျား ၁၀ တောင်၊ အနံ ၆ တောင်ရှိသော ဝါးထရံတစ်ချပ်လျှင် ဝါး (၁၂)လုံးကို အသုံးပြုရပြီး လုပ်သားခ၊ ဝါးဘိုး အပါအဝင် ၁၁၀၀၀/- ကျပ်ကုန်ကျကာ ရောင်းဈေးမှာ တစ်ချပ်လျှင် ၁၄၀၀၀/-ကျပ်ဖြင့်သာ ရောင်းချ လျက်ရှိပါသည်။ လူတစ်ဦးသည် တစ်ရက်လျှင် ထရံ(၃)ချပ် ယက်လုပ်နိုင်ကြောင်း သိရှိရပါသည်။ ဝါးထရံ လုပ်ငန်းကို တန်ဆောင်မုန်းလမှ စတင်လုပ်ကိုင်ကြပြီး တန်ခူးလအကုန်တွင် လုပ်ငန်းသိမ်း ကြောင်း မိုးဦးကာလအစပိုင်းတွင် ယက်လုပ်ခြင်းမပြုတော့ပဲ သိုလှောင်ရောင်းချခြင်းသာ ပြုလုပ်ကြ ပါသည်။ ဝါးထရံသည် တောသဘာဝ လူသုံးများသော ပစ္စည်းဖြစ်၍ ဒေသတွင်း အများဆုံးရောင်းချရ ပြီး ဒေသပြင်ပမှ အော်ဒါများလည်း လက်ခံဆောင်ရွက်လျက်ရှိပါသည်။ မိသားစုတစ်နိုင်တစ်ပိုင် ပုံမှန်ဝင်ငွေကောင်းသော လုပ်ငန်းဖြစ်သည့်အတွက် ရွာကလေးရွာရှိ အိမ်ခြေ(၄၆)အိမ် နီးပါး ဝါးထရံ လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)