
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်တွင်မိုးစပါးစိုက်ဧက(၂၅၃၃၈၉၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ ပဲအမျိုးမျိုး၊ အစေ့ထုတ်ပြောင်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြပါသည်။ ၂၀၂၅ခုနှစ်တွင် ဟင်္သာတခရိုင်၌ နွေစပါးစိုက်ဧက(၅၉၁၉)ဧက စိုက်ပျိုးရန်လျာထားပြီး၊ လေးမျက်နှာမြို့နယ် တွင် (၁၇၅၃)ဧက လျာထားကာ (၁၆၈၂)ဧကစိုက်ပျိုးပြီးစီးကြောင်း၊ နွေစပါးမျိုးအနေဖြင့် ထိုင်းရက် (၉၀)၊ နယူးဧရာ(၁)၊ GW 11 စသော စပါးမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။
ယခုအခါ နွေစပါးစိုက်တောင်သူများအနေဖြင့် မြေပြင်ထွန်ယက်စိုက်ပျိုးကြရာ သီးနှံထွက် ပေါ်ချိန် မိုးလွတ်လေလွတ် ရိတ်သိမ်းနိုင်ရန်အတွက် သက်ယဉ်စပါးမျိုးကိုသာ စိုက်ပျိုးကြပါသည်။ နွေစပါး စိုက်ပျိုးမှု(၁)ဧက မျိုးအနေဖြင့် ၃ တင်းစိုက်ပျိုးရပြီး၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ မြေထွန်ယက်ခ အပါအဝင် ၂ သိန်းဝန်းကျင်ခန့်ကုန်ကျပါသည်။ နွေစပါးသည် နေရောင်ခြည်ကောင်းစွာ ရရှိသောကြောင့် အစေ့အဆံများ အောင်မြင်ဖြစ်ထွန်းကာ မိုးစပါးထက်အထွက်နှုန်း ပိုကြောင်းသိရှိ ရပါသည်။ နွေစပါးပေါ်ချိန်တွင်လည်း ဈေးနှုန်းကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမို ရရှိမည်ဖြစ်ကြောင်း နွေစပါးစိုက်ပျိုးသူ ဒေသခံတောင်သူများထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)