
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးပြီးချိန်၌ မတ်ပဲ သီးနှံကို သီးထပ်အဖြစ်စိုက်ပျိုးကြပြီး (၆၆၁၅၉)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ဇလွန်မြို့ နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်ပဲ စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်မှာ ၉ သိန်းခွဲကျပ်ခန့်ရှိပြီး လယ်မြေ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ ၁၄ တင်းခန့်ရှိပါသည်။ မတ်ပဲစတင်စိုက်ပျိုးသော ကာလများတွင် မိုးရွာသွန်းမှုကြောင့် တချို့သော အပင်များပျက်စီးဆုံးရှုံးခြင်း၊ စိုက်ပျိုးမှုနောက်ကျ ခြင်းကြောင့် ဖြစ်ထွန်းမှု နည်းပါးခြင်း စသည့်အခြေအနေများကြောင့် ယခုနှစ်မတ်ပဲထွက်ရှိနှုန်းမှာ ယခင်နှစ်များထက် အထွက်နှုန်း နည်းကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ယခုအခါ မတ်ပဲအသစ်များ စတင်ထွက်ရှိပြီဖြစ်ရာ ဒေသတွင်း ပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ဟင်္သာတဈေးကွက် သို့ ရက်ခြား၍ တင်ပို့ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဇလွန်မြို့နယ်မှ တင်ပို့ရောင်းချရာ တွင် မတ်ပဲအသစ် တစ်တင်းလျှင် အရည်အသွေး အလိုက် ၉၅၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်ကြား ဈေးပေါက်လျက်ရှိရာ တောင်သူများ တစ်ဧက ပျမ်းမျှ ၄ သိန်းကျပ်ခန့် အကျိုးအမြတ်ရလျက်ရှိပါ သည်။၂၀၂၄ ခုနှစ် ဇန်နဝါရီမှစ၍ မတ်ပဲ ဈေးမှာ ကျဆင်းခြင်းမရှိပဲ တစ်တင်းလျှင် ၁၀၀၀၀၀ ကျပ် ဝန်းကျင်တွင် ဆက်လက်တည်ရှိနေသော်လည်း ယခင်နှစ်များထက် အထွက်နှုန်း ကျဆင်းမှုကြောင့် ယခင်နှစ်ကာလတူဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက အကျိုးအမြတ်နည်းကြောင်းသိရှိရပါသည်။ မတ်ပဲသည် ဒေသ၏ ရာသီချိန်စိုက်ပျိုးသော ဆောင်းသီးနှံ ဖြစ်ခြင်းကြောင့် တောင်သူတို့အနေဖြင့် တစ်နှစ်ထက် တစ်နှစ် အထွက်နှုန်းကောင်းမွန်စေရေး ကြိုးစားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မတ်ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)