
တောင်ငူမြို့အနီးတဝိုက်ကျေးရွာများရှိ စိုက်ပျိုးရေးလုပ်ကိုင်သော ရွာအများစုသည် သခွား၊ ပြောင်း၊ ဘူးသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် ၊ ပဲအမျိုးမျိုး နှင့် ရာသီအလိုက်သီးနှံများကို စိုက်ပျိုးကြပါသည်။ ထို့အပြင် ငရုတ်ကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြပါသည်။
ငရုတ်သီးစိမ်းများကို တစ်လလျှင် (၂)ကြိမ်ခူးယူရပြီး မှည့်နေသော ငရုတ်သီးများကို အခြောက်လှန်းကာ ပွဲရုံများသို့ လက်လီလက်ကား ရောင်းချလျက် ရှိပါသည်။ ငရုတ်သီးကို ကုလားအော်၊ မိုးထောင်သီး နှင့် ကျောက်စိမ်းသီး ဟူ၍ (၃)မျိုး ရှိပါသည်။
တောင်ငူမြို့ ဝါးတီးကျေးရွာအုပ်စုရှိ ငရုတ်ခင်းပိုင်ရှင်များက ငရုတ်သီးစိမ်း(ကုလားအော်သီး) တစ်ပိဿာ လျှင် ၉၀၀၀ ကျပ်ဖြင့် ရောင်းချပြီး၊ မိုးထောင်သီး တစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှင့်၊ ကျောက်စိမ်းသီး တစ်ပိဿာ လျှင် ၂၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။
ငရုတ်သီးသည် အသုပ်အမျိုးမျိုးပြုလုပ်ရာတွင် အစို (သို့မဟုတ်) အခြောက်ပါ မပါမဖြစ် အသုံးပြုရပြီး လူငယ် အများစုကြိုက်နှစ်သက်သည့်အတွက် ရောင်းအားကောင်းကြောင်း ငရုတ်ပိုင်ရှင်တစ်ဦးထံမှ သိရပါသည်။
DOCA(ပဲခူး)