
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်အတွင်းရှိ မြို့မဈေး၊ စည်ပင်သာယာဈေးတို့တွင် ယခင် လက ရာသီစာစတော်ဘယ်ရီသီးများ လှိုင်လှိုင်ပေါများ၍ အရောင်းဝယ်ဖြစ်ပေါ်ပြီး ယခုမတ်လ နောက်ဆုံးပတ်ခန့်၌ စတော်ဘယ်ရီဝင်ရောက်မှုနည်းပါးသွားကြောင်း သိရှိရသည်။ စတော် ဘယ်ရီသီးများကို မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးမှုအနေဖြင့် တောင်ပေါ်ဒေသတစ်ခုဖြစ်သော ပြင်ဦးလွင်မြို့နယ်မှာ စိုက်ပျိုးထွက်ရှိကြောင်း၊ စတော်ဘယ်ရီသီးမှာ နှစ်စဉ်ဒီဇင်ဘာလတွင် စတင် ပေါ်ထွက်ကြောင်းနှင့် မိုးရွာသွန်းမှုပေါ်မူတည်၍ ဧပြီလအတွင်း အသီးရာသီကုန်ဆုံးတတ်ကြောင်း၊ စတော်ဘယ်ရီသီးမှာ နူးညံ့သောအသီးဖြစ်သည့်အတွက် မိုးရွာသွန်းမှုခံရပါက အသီးများပျက်စီး၍ အထွက်နှုန်းများလည်း ကျဆင်းတတ်ကြောင်း သိရသည်။ ရောင်းချမှုအနေဖြင့် မန္တလေးမြို့မှတဆင့် သယ်ယူရောင်းချလျက်ရှိပြီး ဈေးများရှိ သစ်သီးအရောင်းဆိုင်များအပြင် အအေးဆိုင်များမှလည်း ဝယ်ယူကြကြောင်း သိရှိရသည်။ စတော်ဘယ်ရီဖျော်ရည်တစ်ခွက်လျှင်(၃၅၀၀)ကျပ်ရှိပြီး လူကြီး လူငယ်မရွေးကြိုက်နှစ်ပြီး တစ်နှစ်တစ်ကြိမ်သာ ပေါ်ထွက်၍ရာသီချိန်ခါမှသာ စားသုံးရသောအသီး ဖြစ်သောကြောင့် စားသုံးမှုများကာ အရောင်းအဝယ်သွက်ကြောင်းသိရသည်။ စတော်ဘယ်ရီသီး အရွယ်အစား အကြီးအသေးအပေါ်မူတည်၍ အစိတ်သားလျှင်(၃၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သစ်သီးရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)