
အညာဒေသသည် ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့်နှမ်းကို သုံးရာသီအလိုက်စိုက်ပျိုးကြပြီး ဆီကြိတ်ခွဲစားသုံးကြသလို မုန့်ပဲသရေစာအဖြစ်လဲစားသုံးကြလျက်ရှိပါသည်။ မုန့်ပဲသရေစာများ ပြုလုပ်စားသုံးရာတွင် နှမ်းကိုယိုထိုး၍စားသုံးမှုမှာလည်း လူကြိုက်များပြီး အလှူအတန်း၊ မင်္ဂလာဆောင်၊ ဘုရားပွဲနှင့်အခြားပွဲလမ်းသဘင်များတွင် ဧည့်သည်များအတွက် ဧည့်ခံစရာမုန့်တစ်မျိုး လည်းဖြစ်သလို ဒေသထွက်လက်ဆောင်မုန့်တစ်မျိုးလည်းဖြစ်ပါသည်။ မြန်မာ့ဓလေ့ အစားအစာ ဖြစ်သော နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို မြင်းခြံမြို့နယ်အတွင်း ပြုလုပ်ရောင်းချကြသလို အခြားဒေသ များမှလည်း မှာယူရောင်းချလျက်ရှိပါသည်။
မြင်းခြံမြို့တွင် ရောင်းချလျက်ရှိသော နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို (၁၅၀၀)ကျပ်တန်အထုပ် များဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပြီး နှမ်းကပ်ယိုကိုပြုလုပ်ရာတွင် နှမ်းကိုလှော်၍ ထန်းလျက် ဖြင့်ရောကာ ပုံသဏ္ဍာန်အရွယ်အစားမျိုးစုံ ပြုလုပ်ရောင်းချလျက်ရှိကြောင်း၊ နှမ်းကပ်ယိုမှာ နှမ်းနံ့ မွှေးမွှေးလေးဖြင့် ထန်းလျက်၏ချိုမြသောအရသာရှိ၍ ကလေးလူကြီးကြိုက်နှစ်သက်ကြပြီး ဧည့်ခံ မုန့်နှင့်ဒေသထွက်လက်ဆောင်မုန့်တစ်မျိုးဖြစ်သည့်အတွက် အရောင်းသွက်ကြောင်း မြင်းခြံမြို့ရှိ နှမ်းကပ်ယိုလုပ်ငန်းရှင်များနှင့် ရောင်းချသော ဈေးဆိုင်များမှသိရသည်။
DOCA(မန္တလေး)