ခရမ်းချဉ်သီး

Powered by Drupal

      ခရမ်းချဉ်သီးသည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံတစ်မျိုးဖြစ်၍ ဓာတ်တိုးဆန့်ကျင် ပစ္စည်းအများအပြားပါဝင်ကြောင်း သိရသည်။ ဓာတ်တိုးခြင်းကိုဖြစ်စေပြီး ကင်ဆာ၊ ဆီချို၊ နှလုံးရောဂါနှင့် အခြားနာတာရှည်ရောဂါများဖြစ်စေသော ပစ္စည်းများမှ ကင်းဝေးစေနိုင်ပါသည်။ ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော စားစရာများစားသုံးခြင်းဖြင့် ကင်ဆာရောဂါနှင့်နှလုံးရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ကြောင်း၊ ခရမ်းချဉ်သီးတွင် ဗီတာမင်အေနှင့်စီ ကြွယ်ဝစွာပါဝင်ကြောင်း သိရသည်။ အကောင်းဆုံးမှာ သဘာဝအတိုင်းရင့်မှည့်သောခရမ်းချဉ်သီးကို စားသုံးသင့်သည်။ ခရမ်းချဉ်သီးကို ချက်ပြုတ်လျှင် လိုင်ကိုမင်းဓာတ်မြင့်မားစေနိုင်သောကြောင့် ဟင်းချက်ရာတွင်ထည့်သွင်း အသုံးပြုသင့်ပါသည်။ ခရမ်းချဉ်သီးမှာပါဝင်သော အမျှင်ဓာတ်များသည် ဝမ်းချုပ်ခြင်းကိုလည်းကင်းဝေး စေနိုင်သောကြောင့် ဝမ်းချုပ်တတ်သူများအတွက် ပုံမှန်စားသုံးသင့်ပါသည်။ ခရမ်းချဉ်သီးကို ပန်ထွေဖျော်၍သော်လည်းကောင်း၊ ပုဇွန်ခြောက်နှင့်ငါးပိချက် ချက်၍သော်လည်းကောင်း၊ အသုပ် အမျိုးမျိုးတွင်လည်းကောင်း၊ ယိုပြုလုပ်၍သော်လည်းကောင်း အများဆုံးစားသုံးလျက်ရှိပါသည်။ ခရမ်းချဉ်သီးကို မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးထွက်ရှိသလို ပခုက္ကူမြို့နှင့် ပုပ္ပားမြို့တို့မှထွက်ရှိသော အသီးများကိုလည်းဝယ်ယူရောင်းချကြကြောင်း သိရသည်။ မြင်းခြံမြို့ ဈေးများတွင်ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ယခင်မတ်လနောက်ဆုံးပတ်၌ တစ်ပိဿာလျှင်(၈၀၀)ကျပ်မှ(၁၀၀၀)ကျပ်ထိရှိခဲ့ပြီး၊ ယခုဧပြီလ ပထမပတ်တွင် တစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်ထိ ဈေးနှုန်းများရှိ၍ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာကို (၇၀၀၊ ၁၀၀၀)ကျပ်ထိ ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)