စားဖိုဆောင်သီးနှံဖြစ်သော ဂေါ်ဖီထုပ်ဈေးကွက်

Powered by Drupal

     ဂေါ်ဖီထုပ်စိုက်ပျိုးချိန်၊ထွက်ရှိချိန်သည် မျိုးစေ့အမျိုးအစား၊ ရာသီဥတု၊ စိုက်ပျိုးနည်း စနစ်နှင့် ဒေသကိုလိုက်၍ ၆၀ ရက်မှ ၁၂၀ ရက်ထိကွာခြားသည်။ မြန်မာနိုင်ငံတွင် ဂေါ်ဖီထုပ်ကို အဓိကအားဖြင့် ဆောင်းရာသီ၌ စိုက်ပျိုးလေ့ရှိပြီး အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများ တွင် စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လဆန်းများတွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရသည်။ အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်များတွင် အဓိကစိုက်ပျိုးပြီး၊ အပူပိုင်းဒေသများဖြစ်သော မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့တွင် ဆောင်းရာသီ၌စိုက်ပျိုးကြသည်။ မြင်းခြံမြို့နယ် အေးမြသီတာဈေးရှိ ကုန်စိမ်းဈေးတွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင်  ယခုလ ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခင်လတွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့သဖြင့် ယခင်လထက်  ၅၀၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီနှင့်မတ်လများတွင် ဂေါ်ဖီထုပ်ဈေးကွက်ပိုမိုကောင်းမွန်လေ့ရှိသဖြင့် နှစ်စဉ်ဆောင်းနှောင်းပိုင်းကာလများတွင် ဝယ်လို အားမြင့်မာကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်ဈေးကွက်တွင် ရောင်းချနေသော ဂေါ်ဖီထုပ်များကို ပုပ္ပါး၊ ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့များမှ တင်သွင်းရောင်းချကြကြောင်း ကုန်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)