
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုမြို့နယ်တာဝန်ခံ ဦးတင်စိန်၊ ပုသိမ် သတင်းဌာနခွဲမှ ဦးမင်းမင်းဦးတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျိုက်လတ် မြို့ပေါ်ရှိ ဦးနိုင်လင်း အုန်းဆံကြိုး လုပ်ငန်းသို့ သွားရောက်၍ အသေးစား MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှု ဈေးကွက် အခြေအနေတို့အား လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ဖျာပုံခရိုင်သည် အုန်းပင်စိုက်ဧက ၁၉၀၀၀ ခန့်ရှိပြီး ဒေသတွင်းထွက်ရှိသော အုန်းသီးများကို အခွံခွာ၍ ရန်ကုန်၊မန္တလေးနှင့် အခြားမြို့နယ်များသို့ နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိရာ အဝယ်ဒိုင်မှ ဝယ်ယူထားသော အုန်းသီးများကို အခွံခွာရာတွင် ထွက်ရှိလာသော ဘေးထွက်ပစ္စည်းအုန်းခွံများကို ကျိုက်လတ်မြို့ပေါ်ရှိ အုန်းဆံကြိုးလုပ်ငန်းရှင် ဦးနိုင်လင်းမှ တစ်ခွံလျှင် ၃၅ ကျပ်ဖြင့် ဝယ်ယူ၍ ဈေးကွက်တွင် အုန်းဆံကြိုး ပြုလုပ်ရောင်းချရာတွင် အကျိုးအမြတ်ရရှိနေသော အသေးစား MSMEs လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြောင်းပြောကြားပါသည်။
အုန်းဆံကြိုးပြုလုပ်ရန်အတွက် အုန်းခွံကို စက်ဖြင့် ကြိတ်၍ (၁) ည ရေစိမ်ပြီး အုန်းခွံကို စက်ဖြင့် ပြန်ခြစ်၍ အုန်းခွံကို သန့်ရပါသည်။ သန့်ပြီးသား အုန်းခွံများကို အရပ်အခေါ် ဗိုင်းတောင်လုပ်စက်ဖြင့် ပြန်ဆွဲ၍ ကြိုးကျစ်ပြီး ရရှိလာသော အုန်းခွံကြိုး ၁ ခင်ကို ၅၀၀ ကျပ် ဈေး၊ အခင်၂၀၀ ပါ ၁စည်းကို ကျပ် ၇၀၀၀၀/၇၅၀၀၀ ဈေးနှုန်းဖြင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့နှင့် အခြားမြို့နယ်များရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၌ ငြမ်းဆင်ရာတွင် သုံးစွဲလျက်ရှိကြောင်း၊ လုပ်သားအင်အား ၇ ဦးခန့်ရှိပြီး တစ်နေ့လျှင် လုပ်အားခ ကျပ် ၅၀၀၀/၁၀၀၀၀ အတွင်းရရှိကြောင်း အုန်းခွံဘေးထွက်ပစ္စည်းများမှ အပိုဝင်ငွေ ရရှိနေသော အုန်းဆံကြိုးလုပ်ငန်းနှင့် ပက်သက်၍ သက်ဆိုင်ရာ ဌာနများတွင် လိုအပ်သော မှတ်ပုံတင်များ ထားရှိရန်နှင့် နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သော အခွန်အခများ ရရှိပြီး လုပ်ငန်းရှင်အတွက်လည်း အကျိုးအမြတ်ရရှိ၍ ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း များရှိနေသော အသေးစား MSMEs လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိတို့ဌာနမှလည်း သက်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန ဒု-မြို့နယ်တာဝန်ခံမှလည်း ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)