ပခုက္ကူပဲဖတ်ဈေးကွက် အရောင်းအဝယ်သွက်

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် စိုက်ပျိုးရေးထွက်သီးနှံများအပြင် ဒေသထွက် ကုန်များစွာလည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထုတ်ကုန်များစွာအနက်မှ မြေပဲ ဆီသန့် ထုတ်လုပ်ရောင်းချမှုကို အဓိကထားလုပ်ကိုင်ကြပြီး ဒေသအနှံ့အပြားသို့ ရောင်းဝယ် ဖောက်ကားလျက်ရှိရာ ယခုအချိန်တွင်စားသုံးသူများမှ မြေပဲဆီသုံးစွဲမှုများပြီး ပြည်တွင်းပဲဆီ လိုအပ်ချက်များ မြင့်မားနေသောကြောင့် ဆီစက်များ အားလုံးနီးပါးလည်ပတ်လျက်ရှိရာ ဆီကြိတ်ခွဲထုတ်လုပ်ခြင်းမှ ထွက်ရှိသော မြေပဲဖတ်များလည်း ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။

         ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် (ဆုံ)ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၅၁၀၀-၅၀၀၀)၊ (စက်)ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၅၄၀၀-၅၃၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်မတ်လ(ပထမပတ်)တွင် (ဆုံ)ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၅၆၀၀-၅၅၀၀)၊ (စက်)ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၅၈၀၀-၅၇၀၀)ဈေးဖြစ်၍ ယခင်ယခုဈေးနှိုင်းယှဉ်ပါက တစ်လ အတွင်း ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၄၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက် အနေဖြင့် ပခုက္ကူဒေသထွက်(ဆုံ)ပဲဖတ်များကို ဒေသတွင်းစားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုအပြင် (စက်)ပဲဖတ်များကို တိရိစ္ဆာန်အစားအစာအဖြစ် မွေးမြူရေး လုပ်ငန်းရှင်များမှ ဝယ်ယူခြင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များမှလည်း ဝယ်ယူ ကြောင်း သိရသည်။

         ပြည်တွင်းမွေးမြူရေးအစားအစာဈေးကွက်တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံးမှု အနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီထုတ်လုပ်မှုမှ ရရှိသောမြေပဲဖတ်ကို ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုး မြှင့်ထုတ်ကုန်နှမ်းဖတ်ချဉ်အဖြစ်ပြုလုပ်၍ ထုတ်လုပ်ရောင်းချရာမှာလည်း စားသုံးသူဈေးကွက် ကောင်းမွန်ခြင်းကြောင့် ပဲဖတ်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်ခြင်းအပြင် ပြည်တွင်းငါးမွေးမြူ ရေး၊ ဝက်မွေးမြူရေးလုပ်ငန်းများမှလည်း တိရိစ္ဆာန်အစာများတွင် ရောစပ်အသုံးပြုပြီး စိုက်ပျိုးရေး တောင်သူများမှလည်း သီးနှံစိုက်ခင်းများတွင် သွင်းအားစုအဖြစ် အမှုန့်ကြိတ်ပြီးသုံးစွဲရန် ဝယ်ယူမှု များလျက်ရှိခြင်းနှင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှလည်း စက်ကြီးများဖြင့် ဆီပြန်လည် ထုတ်လုပ်ရန်အတွက် ဆုံပဲဖတ်ခွေများကို ပြန်လည်ဝယ်ယူမှုများ၍ ပခုက္ကူဒေသထွက် ပဲဖတ်များ အရောင်းအဝယ်သွက်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)