
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့် အညီ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (မကွေးကုန်စည်ဒိုင်)၌ (၂၈.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မကွေးခရိုင်နှင့်ချောက်ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မကွေးတိုင်း ဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ အပါအဝင် မကွေးမြို့အတွင်းရှိ မြေပဲ၊ နှမ်း လက်ကားကုန်သည် ကြီးများ၊ ဆီစက်ပိုင်ရှင်များနှင့် ပဲခွဲစက်ပိုင်ရှင်များအား မြေပဲဆံစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေး၊ စျေးကစားရန်ရည်ရွယ်၍ မြေပဲဆံများ ဝယ်ယူသိုလှောင်ခြင်းမပြုလုပ်စေ ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးမှုအနေဖြင့် ပင်ထောင် နှင့်ပင်ပြန့်ဟူ၍ (၂)မျိုးစိုက်ပျိုး လျက်ရှိပြီး ပင်ထောင်မြေပဲသည် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ များတွင်ထွက်ရှိ၍ ပင်ပြန့် မြေပဲသည် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတွင် ထွက်ပေါ်လျက်ရှိပါသည်။ ယခုအချိန်တွင် မြေပဲသီးနှံ ပေါ်ချိန်မဟုတ်သည့်အတွက် ကုန်သည်/ ပွဲစားများနှင့် ဆီစက်များတွင် ပစ္စည်းလက်ကျန်နည်းပါး လျက်ရှိကြောင်းနှင့် ဖေဖော်ဝါရီလနှင့်မတ်လတွင် ဝယ်ယူထားသော ဧရာဝတီနှင့်ပဲခူးတိုင်းတို့မှ ဝင်ရောက်ထားသည့် ပစ္စည်းများကိုသာ ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။
မြေပဲဆံစျေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် မြေပဲလုံးဆံဖြူ(၁)ပိဿာ လျှင် ကျပ်(၈၄၀၀- ၈၅၀၀)၊ ပြန့်လုံးဆံ(၁)ပိဿာလျှင် ကျပ်(၉၀၀၀)၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ် (၇၉၀၀-၈၀၀၀)၊ မြေပဲအောက်ကျဆံ(၁)ပိဿာလျှင် ကျပ်(၆၉၀၀-၇၂၀၀)ဖြစ်ပြီး ဧပြီလ(စတုတ္ထပတ်) တွင် မြေပဲလုံးဆံဖြူ (၁)ပိဿာလျှင် ကျပ်(၉၆၀၀)၊ ပြန့်လုံးဆံ(၁)ပိဿာလျှင် ကျပ်(၉၀၀၀-၉၂၀၀)၊ မြေပဲလုံးဆံနီ (၁)ပိဿာလျှင် ကျပ်(၈၅၀၀-၈၈၀၀)၊ မြေပဲအောက်ကျဆံ (၁)ပိဿာလျှင် ကျပ်(၇၂၀၀-၇၄၀၀)ဖြစ်၍ ဧပြီလ(ပထမပတ်)ထက် စျေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပါသည်။ စျေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ရခြင်းမှာ အခြားတိုင်းဒေသကြီးမှ မြေပဲကုန်ကြမ်းဝင်ရောက်မှုမရှိခြင်း၊ ယခင်နှစ် က ဆောင်းမြေပဲအထွက်နှုန်းနည်းပါးခြင်းနှင့် မိုးဦးကျစောခဲ့သဖြင့် တောင်သူများမှာ မြေပဲမျိုးများ ကြိုတင်ဝယ်ယူမှုများခဲ့ခြင်းစသည်တို့ကြောင့် စျေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)