
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက်စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူ ပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။
ခရေပန်းသည် ဧပြီလတွင် စတင်ပွင့်ဖူးကာ ပိတောက်ပန်း၊ ငုပန်းတို့နှင့်အပြိုင်ဖူးပွင့်ကြပါသည်။ ခရေပန်းသည် အပွင့်လှပသည်ထက် သူ၏အမွှေရနံ့ကပိုမိုဆွဲဆောင်မှုရှိသည့်အပြင် ညှိုးနွမ်းခြောက်သွေ့ သည့်တိုင် ရနံ့မပြယ်သောပန်းတစ်မျိုးလည်းဖြစ်ပါသည်။ ခရေပန်းသည် ပန်းပွင့်တင်သာမက အသီး ကလည်းဆေးဘက်ဝင်သည်ကို တွေ့ရှိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ခရေပန်း ဈေးနှုန်းဖြင့် ခရေပန်း တစ်ကုံးလျှင်(၂၀၀)ကျပ်၊ ခရေပန်း(၃)ကုံးလျှင်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိကြောင်း ကန့်ဘလူမြို့ မြို့မစည်ပင်သာယာ ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)