
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့်ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲလွန်းပြာသီးနှံများလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)မှစ၍ ဈေးကွက်သို့ ပဲလွန်း(ပြာ)သီးနှံများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ဧပြီလ(စတုတ္ထပတ်)တွင် ပဲလွန်းသီးနှံကို အဓိကစိုက်ပျိုးသော ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူကျွန်းဒေသများ ဖြစ်သည့် မြစ်ခြေ၊ ကမ္မ၊ ကျွန်းရွာများနှင့် နီးစပ်ရာကျေးရွာများအပြင် မြိုင်၊ ရေစကြို၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်နှင့် ယောနယ်ဒေသများမှ ပခုက္ကူဈေးကွက်သို့ အများဆုံးဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် (၆၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ မေလ(ပထမပတ်)တွင် ပဲလွန်းပြာတစ်တင်းလျှင် ကျပ်(၇၂၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ပတ်အတွင်းပဲလွန်းပြာ တစ်တင်းလျှင် ကျပ်(၁၀၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ တစ်ရက်လျှင် ပဲလွန်းပြာ ပိဿာ(၃၀) ဝင်အိတ် (၃၀၀ မှ ၅၀၀)ထိ ဝင်ရောက်ကြောင်း၊ ပဲလွန်းပြာသီးနှံသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး စားသုံးမှုအနေဖြင့် မြန်မာ့ရိုးရာမုန့်မျိုးစုံတွင် ထည့်သွင်းအသုံးပြုမှုများ၍ ပြည်တွင်း စားသုံးမှုများသော သီးနှံတစ်မျိုး ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်း အဝယ်ဖြစ် ကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲလွန်းပြာသီးနှံများကို ပခုက္ကူပွဲရုံများမှတစ်ဆင့် ဒေသတွင်းဖြန့်ဖြူးမှုအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း သီးနှံဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)