
ပြည်ဈေးကွက်၌ ပြည်မြို့အနီးတဝိုက်ရွာများဖြစ်သော မထော၊ ဇီးအုပ်၊ ပေါက်ကုန်း၊ တောင်ခွေးရဲ၊ ကင်ပွန်းခြုံ၊ မှော်ဇာ၊ အောင်မြေ၊ နဝင်း၊ ချောင်းနားတန်းရွာများနှင့် ပြည်မြို့ အနောက်ဘက်ကမ်းရှိ ဆင်တဲ၊ ဖိုးခေါင်၊ မန်ကျည်းစုရွာများမှ ပြည်မြို့လက်လီ မြို့ပေါ်ဈေးများသို့ ယခုကာလရာသီစာ အဖူးများဖြစ်သော ညောင်ဖူး၊ ကုက္ကိုဖူး၊ တရုတ်စကားဖူးများ အဝင်ရှိကာ အရောင်းသွက်လျက်ရှိနေသည်။ တစ်ရက်လျှင်ရာသီစာဖူးများ (ပြုတ်ပြီးသား) ပိဿာချိန် (၅၀)ခန့်နေ့စဉ်အဝင်ရှိနေပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း သိရပါ သည်။ ဈေးနှုန်းအားဖြင့် ရာသီစာအဖူးများ (၁၀)ကျပ်သား လျှင် ကျပ်(၄၀၀-၅၀၀)နှုန်းရှိပြီး ၁ပိဿာလျှင် ကျပ်(၃၅၀၀-၃၇၀၀)နှုန်းတို့ဖြင့် ဖောက်သည် လက်ကား ဈေးဖြင့် ရောင်းချလျက် ရှိကြောင်းသိရသည်။
DOCA(ပဲခူး)