
မြန်မာလူမျိုးများ၏ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးသင်္ကြန်ပွဲတော်အတွင်း အသုံးပြုရန်အတွက် အတာအိုးများကို ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် မတ်လကုန်မတိုင်မီ ကတည်းက လက်လီ/ လက်ကားဖြန့်ချီရောင်းချလျက်ရှိပါသည်။ ယခုလ ဧပြီလပထမပတ်တွင် အဆိုပါ သင်္ကြန်အတာအိုးများကို ပြည်ခရိုင်အနီးအနားပတ်ဝန်းကျင်ရှိ မြို့များဖြစ်သော ပန်းတောင်းမြို့နယ် ဖောင်းကံရပ်ကွက်မှ တင်သွင်းသော ဖောင်းကံအိုးများ၊ ပေါက်ခေါင်းမြို့နယ် ချောင်းကောင်းအုပ်စု၊ ချောင်းကောင်းရွာမှ ထွက်ရှိသော သင်္ကြန်အတာအိုးများ၊ အောင်လံမြို့ ညောင်ပင်ဆိပ်ကျေးရွာမှ ထွက်ရှိသော သင်္ကြန်အတာအိုးများ၊ ကံမဘက်မှထွက်ရှိသော သင်္ကြန် အတာအိုးများဟုဆိုကာ ဈေးကွက်ထဲတွင် အပြိုင်အဆိုင်ရောင်းချလျက်ရှိပါသည်။ သုံးစွဲသူမိဘ ပြည်သူများမှ မိမိကြိုက်နှစ်သက်ရာဒေသကို အစွဲပြု၍ သင်္ကြန်အတာအိုးများကို ဝယ်ယူသုံးစွဲကြ ကြောင်းသိရှိရပါသည်။ သင်္ကြန်အတာအိုးတစ်လုံးလျှင် ကျပ်(၁၀၀၀) မှ ကျပ်(၇၀၀)နှင့် အတာစားအိုး များကို ကျပ် (၇၀၀) မှ (၅၀၀) ထိရှိပြီး ဝယ်ယူသူ များအနေဖြင့် ကြိုတင်ဝယ်ယူကြသော်လည်း ယခုအချိန်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး သင်္ကြန်နားနီးမှ ပိုမိုဝယ်ယူကြကြောင်းလည်း သိရှိရပါသည်။
DOCA(ပဲခူး)