
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက် တွင် နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုဧပြီလ(ဒုတိယပတ်)တွင် ဆီထွက် သီးနှံနှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်(စမုန်)များ ပြည်ပအဝယ်လိုက်၍ ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ ဈေးကွက်သို့ နှမ်းသီးနှံ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့နယ်များဖြစ်သည့် မန္တလေး၊ စစ်ကိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ မှ ထွက်ရှိသော နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တောင်သူများမှ နှမ်းသီးနှံ ပေါ်ချိန်မဟုတ်၍ ဈေးကွက်သို့ ဝင်ရောက်မှု နည်းသော်လည်း မြို့ပေါ်ရှိ လှောင်လက် ကုန်သည်များမှ သိုလှောင်ထားသော နှမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ်(၁၀၀ - ၁၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက် ၍ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည်အသွေး လိုက်၍ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ်(၂၂၀၀၀၀-၂၀၀၀၀၀)၊ နှမ်းနီတစ်တင်းလျှင် ကျပ် (၁၁၂၀၀၀-၁၁၁၆၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၁၄၀၀၀-၁၁၃၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၀၅၀၀၀ -၁၀၃၀၀၀)အရောင်းအဝယ်ဖြစ်ပြီး ယခင်(ပထမပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ သီးနှံပေါ်ချိန်မဟုတ်၍ ဈေးကွက်သို့ ကုန်ဝင် ရောက်မှု နည်းကြောင်း၊ ဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရသည်။
DOCA (မကွေး)