တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးဖြင့်ဝင်ငွေတိုးစေသောစံပယ်ပန်းစိုက်ပျိုးရေး

Powered by Drupal

     ဖြူးမြို့၊တာခြားရပ်ကွက်ရှိ ဦးနိုင်လင်းအောင်စံပယ်ခြံသည် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးဖြစ် မိဘဘိုးဘွားများလက်ထက်ကတည်းကစတင်ခဲ့သော စိုက်ပျိုးရေးလုပ်ငန်း တစ်ခုဖြစ်ပါသည်။ စံပယ်ပန်းတွင် စံပယ်ကြီး၊ ကြက်ရုံး၊ ပဲခူးစံပယ်၊ ရန်ကုန်စံပယ် စသည်ဖြင့် အမျိုးအစားပေါင်းများစွာ ရှိသည့်အနက် ရန်ကုန်စံပယ်ဟုခေါ်သော စံပယ်ပန်းမျိုးမှာ (၁၂) လ ရာသီပွင့်သော စံပယ်မျိုးဖြစ်ပါသည်။ ရန်ကုန်စံပယ်မှာ အပွင့်လွှာတစ်ထပ်သာ ပါရှိပြီး အခေါင်းပွ သော ပန်းမျိုးဖြစ်ပါသည်။(၁၂)လရာသီပွင့်သော ရန်ကုန်စံပယ်ပန်းမျိုးသည် မတ်လနှင့် ဧပြီလတွင် အထွက်နှုန်း အကောင်းဆုံးဖြစ်ပါသည်။ အထူးသဖြင့် ဧပြီလကဲ့သို့ ပူပြင်းသောရာသီတွင် ပန်းအထွက်နှုန်း ပိုကောင်းပါသည်။

      ဖြူးမြို့၊ တာခြားရပ်ကွက်ရှိ ဦးနိုင်လင်းအောင်စံပယ်ခြံတွင် ယခုနွေဦးရာသီအစမှစ၍ စံပယ်ပန်းများ အထွက်နှုန်းကောင်းလျှက်ရှိပါသည်။ တစ်နေ့လျှင် စံပယ်ဖူး (၅၀၀၀) ခန့် ထွက် ရှိပါသည်။ စံပယ်ပန်းဈေးနှုန်းအနေဖြင့် အဖူးတစ်ဖူးလျှင် (၄) ကျပ်နှုန်း၊ စံပယ်အဖူး (၁၀၀၀) လျှင် (၄၀၀၀) ကျပ်နှုန်းဖြင့် ဖောက်သည်ပေးသွင်းရပါသည်။

     စံပယ်ခြံမှထွက်သောစံပယ်ပန်းများအားဖောက်သည်များမှ ဖြူးမြို့ ရပ်ကွက်အစုံနှင့် စည်ပင်သာယာဈေးကြီးတို့၌ လှည့်လည်ရောင်းချကြပါသည်။ စံပယ်ပန်းအထွက်ကောင်းစေရန် ရေများများလောင်းပေးပြီး ပိုးသတ်ဆေးအား (၁)ပတ်လျှင် (၂)ကြိမ်ခန့်သုံးပေးရပါသည်။ စံပယ်ခြံလုပ်ငန်းအား အိမ်ရှိ မိသားစု ဝင် (၃) ဦးဖြင့်သာလုပ်ကိုင်လျှက်ရှိကြောင်းနှင့် ယခုနှစ်တွင် ပိုးကျသောကြောင့် စံပယ်ပန်း အထွက်နှုန်းမှာ ယခင်နှစ်များထက် လျှော့နည်းသွားကြောင်း တာခြား ရပ်ကွက်ရှိ စံပယ်ခြံ ပိုင်ရှင် ဦးနိုင်လင်းအောင်မှ ပြောကြားချက်အရသိရှိခဲ့ပါသည်။

DOCA(ပဲခူး)