တောင်ငူမြို့ညောင်ပင်ဈေးတွင် ပေါ်ဦးပေါ်ဖျားမန်ကျည်းရွက်နုနှင့်ဥသျှစ်ရွက်များစတင်ရောင်းချ

Powered by Drupal

     မြန်မာနိုင်ငံတွင် ရာသီအလိုက်ပေါ်သောရာသီစာအစားအစာများစွာရှိသည့်အနက် ယခု ကာလကဲ့သို့ ပူပြင်းသောနွေရာသီတွင်ပေါ်သော မန်ကျည်းရွက်နုနှင့် ဥသျှစ်ရွက်များမှာလည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။

  မန်ကျည်းပင်နှင့်ဥသျှစ်ပင်များမှာ နှစ်ရှည်သီးနှံပင်များဖြစ်ပါသည်။ ခြံဝန်းကျယ်သော မိသားစုများအနေဖြင့် မိမိခြံဝန်းထဲတွင် စိုက်ပျိုးလေ့ရှိပါသည်။ မန်ကျည်းပင်နှင့်ဥသျှစ်ပင်များမှာ အရွက်သာမက အသီးမှာလည်းအသုံးဝင်ပါသည်။ မန်ကျည်းသီးစိမ်းအား နုစဉ်အခါတွင် ထောင်း စား၊ ကြော်စား၍ ရသလို၊ မှည့်ပြီးရင့်သောအခါတွင် မန်ကျည်းသီးမှည့်အဖြစ် ဖျော်ရည်နှင့် ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ဥသျှစ်သီးမှာလည်းမှည့်လျှင် ဥသျှစ်သီး ဖျော်ရည် အဖြစ် မန်ကျဉ်းမှည့်နှင့်ရောစပ်သောက်နိုင်ပါသည်။ ထို့ပြင်ဥသျှစ်သီးမှည့်အား ဇွန်းဖြင့် ခြစ်၍ သကြား နှင့်လည်း စားသုံးနိုင်ပါသည်။

    မန်ကျည်းရွက်နုနှင့်ဥသျှစ်ရွက်ရော၍ ချက်ထားသောချဉ်ရည်ဟင်းမှာ ယခုလိုနွေရာသီတွင် လိုက်ဖက်လှသော ရာသီစာဟင်းတစ်ခွက်ဖြစ်ပါသည်။ တောင်ငူမြို့ညောင်ပင်ဈေးတွင် ရောင်းချ နေသော မန်ကျည်းရွက်နှင့် ဥသျှစ်ရွက်ဈေးနှုန်းများအနေဖြင့် မန်ကျည်းရွက် (၁၀)ကျပ်သား လျှင် (၁၀၀၀) ကျပ် နှင့် ဥသျှစ်ရွက် တစ်ဆယ်သားလျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

     ယခုကဲ့သို့ အရွက်သာမက အသီးများပါအသုံးဝင်သော မန်ကျည်းပင်နှင့် ဥသျှစ်ပင်များအား မိမိတို့ခြံဝန်းထဲတွင်စိုက်ပျိုးထားပါက မိသားစု စားဖိုဆောင်အားအထောက်အကူအဖြစ်စေမည့် အပြင် ပိုလျှံပါက ဝင်ငွေတိုးစေနိုင်ပါကြောင်း သိရပါသည်။

DOCA(ပဲခူး)