စံပယ်စိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

     စံပယ်ပန်းသည် မွှေးကြိုင်သောသင်းရနံ့နှင့် အဖြူရောင်အဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သော ပန်းဖြစ်သည်။ စံပယ်ပန်းပင်သည် ချုံပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ “ဂျက်စမင်နမ်ဆမ်ဗက်” ဖြစ်သည်။ အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိနှင့် စံပယ်နွဲ့ ဟူ၍ စံပယ်အမျိုး မျိုးရှိသည်။

     စံပယ်ပန်းပင်သည် ပူအိုက်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် စံပယ်ပန်း ပင်ကို မြန်မာနိုင်ငံ အပူပိုင်းဒေသတွေမှာ အများဆုံးစိုက်ပျိုးလေ့ရှိကြသည်။ စံပယ်ပန်းပင်များကို အခြားပန်းပင်များကဲ့သို့ ခြံဖွဲ့၍စိုက်ပျိုးခြင်းမရှိသော်လည်း မိမိတို့နေအိမ်များတွင်စိုက်ပျိုးကြသည်။ အမျိုးသမီးများသည် စံပယ်ပန်းပွင့်များကို ကြိုးဖြင့်သီကုံးပြီး ဦးခေါင်းတွင်ပန်ဆင်ကြသလို အခက် လိုက်ပန်ဆင်သူများလည်းရှိသည်။ ယခုအခါ စံပယ်ပန်းများကို ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ရရှိလာသောစံပယ်ပန်းကုံးများကို  မြို့မဈေးသို့လာရောက်ရောင်းချ ကြောင်း၊ ပန်းသည်၏ပြောပြချက်အရ မေလ ပထမပတ်အတွင်း တစ်ရက်လျှင် စံပယ်ပန်းကုံး(၃၅ မှ၄၅)ခန့်အထိရရှိပြီး (၁)ကုံးလျှင် (၂၀၀)ကျပ်၊ (၃)ကုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်းသိရှိရသည်။ စံပယ်ပန်းကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ အမျိုးသမီး များအလှပန်ရန်အတွက်လည်းကောင်း၊ ကားများ၊ ဈေးဆိုင်များတွင် သဘာဝပန်းအလှများချိတ်ဆွဲ ရန်အတွက်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)