တစ်ရိပ်ရိပ်မြှင့်တက်နေသောကြက်သွန်နီစျေးနှုန်း

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီစိုက်ဧက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် (၂၇၉၇၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ဆောင်းကြက်သွန်နီများကို စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး အစောဆုံးပေါ်သော ဆောင်းကြက်သွန်နီများမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် စတင်ထွက်ရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် စိုက်ဧကများအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ပါသည်။ ကြက်သွန်ပေါ်ဦးပေါ်စတွင် တောင်သူများအနေဖြင့် တစ်ပိဿာလျှင် (၄၀၀/-)ကျပ်မှ (၅၀၀/)ကျပ်အထိသာ ရောင်းချခဲ့ရပြီး အရှုံးမရှိခဲ့သော်လည်း တောင်သူများအနေဖြင့် တွက်ချေမကိုက်၍ အချို့ကိုသာ ရောင်းချခဲ့ရပြီး ကျန်ရှိသည့်ကြက်သွန်နီများကို အိမ်တွင်သိုလှောင်ထားခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ ဧပြီလ ဒုတိယပတ်တွင် ကြက်သွန်နီစျေးကွက်မှာ (၇၀၀/-)ကျပ်မှ (၈၀၀/-)ကျပ်အထိ စျေးနှုန်းများ အနည်းငယ်မြှင့်တက်လာခဲ့ပြီး လက်ရှိအချိန် ဇွန်လတတိယပတ်မှစ၍ ကြက်သွန်နီစျေးနှုန်းမှာ အကြီး၊အသေး အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် (၁၈၀၀/-)ကျပ်မှ (၂၀၀၀/-)ကျပ်အထိ မြင့်တက်လျက်ရှိပါသည်။ စျေးနှုန်းများမြင့်တက်လာသဖြင့် ကြက်သွန်စိုက် တောင်သူများ၊ ပွဲစားများမှာ အကျိုးအမြတ်များ ပိုမိုရရှိလာခဲ့ပါသည်။ ကြက်သွန်နီစီးဆင်းမှုအနေဖြင့် ရန်ကုန်၊ မန္တ‌လေးနှင့် မြဝတီမြို့များသို့ အများဆုံး တင်ပို့ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ ကြက်သွန်နီစျေးကွက်မှာ ယခင်နှစ်ထက်စာလျှင် တောင်သူ၊ ကုန်သည်၊ ပွဲစားများအတွက် အကျိုးအမြတ်များ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)