
ရုံးပတီသီးသည် သွေးအတွင်း ကိုလက်စထရောဓာတ်တွေကို ကျဆင်းစေပြီး အမြင် အာရုံကို ကောင်းစေကာ အစာချေစနစ်ကို ထောက်ပံ့ပေးပါသည်။ ရုံးပတီသီးကို စားသုံးခြင်း ဖြင့် အသားအရေကိုလှပစေပြီး ကင်ဆာရောဂါကိုကာကွယ်ပေး၍ အရိုးအဆစ်များကိုလည်း သန်မာစေပါသည်။ နှလုံးရောဂါကို ကာကွယ်ပေးသည့်အပြင် သွေးလည်ပတ်မှုကောင်းစေပြီး သွေးတိုးရောဂါကိုလည်းသက်သာစေပါသည်။ ရုံးပတီပင်သည် ပန်းပွင့်သည့် အပင်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာအနှံအပြားတွင် ပေါက်ရောက်တတ်ကြပါသည်။ ရုံးပတီသီးကို ကြော်စားခြင်း၊ ချဉ်ဟင်းချက်စားခြင်း၊ ပဲဟင်းများချက်ပြုတ်ရာတွင်လည်း ထည့်သွင်း၍ စားသုံးကြသလို၊ အကင်ဆိုင်များမှာလည်း အကင် ကင်၍ ရောင်းချကြရာ ကလေးလူကြီး ကြိုက်နှစ်သက် ကြသလို အတို့အမြုပ်အဖြစ်လည်း စားသုံးကြလေ့ရှိကြပါသည်။ ရုံးပတီသီးသည် ခန္ဓာကိုယ် အတွက် နေ့စဉ်လိုအပ်သော အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် သဘာဝဝမ်းနုတ်ဆေး အဖြစ် ခေါ်ဆိုနိုင်ပါသည်။ ရုံးပတီသီးတွင် ပါဝင်သော ပျစ်ချွဲချွဲအစေးများသည် အူမကြီး အတွင်း ချေဖျက်ပြီး အစာတွေကိုပို့ဆောင်ရာတွင် ကူညီလုပ်ဆောင်ပေးပါသည်။ ဗီတာမင် အေနှင့်အခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ခြင်းကြောင့် အမြင်အာရုံနှင့် အရေပြားကျန်းမာရေးအတွက် ထောက်ပံ့ပေးပါသည်။ ဗီတာမင်စီပါဝင်ခြင်းကြောင့် ကိုယ်ခံ အားစနစ်ကို ကောင်းမွန်စေပြီး ပန်းနာရင်ကြပ်ဖြစ်သူများအတွက် အထောက်အပံ့ဖြစ်စေ ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်ကာလအတွင်း အဟာရဓာတ်များကို ဖြည့်တင်းပေးပြီး ကလေးငယ်များမွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက် မဖြစ်အောင် ကာကွယ်ပေးနိုင်သော ဖောလစ်အက်ဆစ်လည်းပါဝင်၍ ကိုယ်ဝင်ဆောင်စဉ်ကာလတွင် စားသုံးပေးသင့်သော အသီးတစ်မျိုး ဖြစ်ပါသည်။ ရုံးပတီသီးတွင် သံဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဗီတာမင်ကေ စသည့် သတ္တုဓာတ်များစွာ ပါဝင်သောကြောင့် ကျန်းမာရေး အတွက်များစွာ အထောက်အကူပြုပါသည်။
DOCA(မန္တလေး)