
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာ၌ မေမြို့ပန်းများ လှိုင်လှိုင် ထွက်ရှိကာ ပန်းဈေးလည်း ကောင်းသဖြင့် စီးပွားဖြစ် ပန်းစိုက်တောင်သူများ မိသားစုဝင်ငွေ တိုးလျှက်ရှိကြောင်း သိရသည်။
ဘိန်းဗျောကျေးရွာမှ ပန်းစိုက်ခင်းများ အောင်မြင်လျှက်ရှိပြီး ယခုနှစ်တွင် ဂန္ဓမာပန်း အပြင် မေမြို့ပန်း ပန်းပင်များကိုပါ စမ်းသပ်စိုက်ပျိုးကြရာ ယခုချိန်၌ လှိုင်လှိုင်ထွက်ရှိပြီး ဖြစ်သည်။
မေမြို့ပန်းများကို ယခုနှစ်ဆောင်းရာသီတွင် မေမြို့ဘက်မှ အစေ့များ မှာယူပြီး ပျိုးထောင်ကာ စိုက်ပျိုးကြကြောင်း မေမြို့ပန်းသည် မြေပွ၍ သဲနှုန်းဆန်သည့် မြေဆီလွှာကို ပို၍ နှစ်သက်ပြီး အထွက်နှုန်းလည်းကောင်းသဖြင့် မေမြို့ပန်းကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူ များလာကာ ပန်းဈေးများမှာလည်း ယခင်နှစ်များထက် ပိုမိုကောင်းပြီး ပန်းစည်း လက်တစ်ဆုပ် တစ်စည်းလျှင် ဆယ်ပွင့်ပါပြီး တစ်စည်းကို (၃ဝဝဝ) ကျပ်အထိ ဈေးကောင်း ရရှိနေသဖြင့် အဆင်ပြေပြီး မိသားစု အပိုဝင်ငွေလည်း ရရှိကြောင်း မေမြို့ပန်း စိုက်ပျိုး ရောင်းချသူ ဒေါ်ယမင်း ထံမှ သိရသည်။
ယခုရာသီတွင် နေပူရှိန်ပြင်းလွန်း၍ ပန်းခက်လေးတွေ နေမလောင်ရအောင် အထူးဂရုစိုက်ရကြောင်း နေပြင်းချိန်မှာ ရေမလောင်းရပဲ ညနေခင်း နေပူချိန်ကျမှသာ ရေလောင်းခြင်း၊ ပိုးကောင်လေးများအား ဖမ်းပေးခြင်း ဆေးဖျန်းခြင်းများကို ဂရုစိုက်၍ ဆောင်ရွက်ပေးရကြောင်း သိရသည်။ ဒေသထွက် မေမြို့ပန်းများကို အခြားသော မြို့ကြီးများ အထိ ဖောက်သည်ပေးရကြောင်း သိရသည်။
DOCA (မွန်)