
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် သံပုရာသီးကို ဒေသထွက်ကုန်အဖြစ် စိုက်ပျိုးကြပြီး မိုးသံပုရာသီးများ ကုန်ဆုံးပြီးအချိန်တွင် နွေသံပုရာသီးများ ဈေးကောင်းရသဖြင့် တောင်သူများ သံပုရာပင်များကို ပြုပြင်ပြီး ရေသွင်းရေတင်စနစ်ဖြင့် ဆက်လက်ပြုပြင် လုပ်ကိုင်ကြပါသည်။ သံပုရာသီးမှ ဗီတာမင်စီဓာတ်ရရှိသဖြင့် ကျန်းမာရေးအရ အသုံးပြုခြင်း၊ စားသောက်ဆိုင်များမှလည်း များစွာအသုံးပြုကြသဖြင့် နွေဘက်သံပုရာသီးရှားပါးချိန်တွင် နွေသံပုရာသီးမှာ တစ်လုံးလျှင် ပျမ်းမျှ (၄၀၀) ကျပ်ဖြင့် မြို့နယ်ရှိ သံပုရာသီးအဝယ်ဒိုင်များမှ ဝယ်ယူလျှက်ရှိပါသည်။
နွေသံပုရာစိုက်တောင်သူ အာယုတောင်ကျေးရွာနေ ဦးသိန်းဝင်းပြောပြချက်အရ ၎င်းမှ အပင် (၅၀) စိုက်ပျိုးထားရာတွင် တစ်ရာသီခူးဆွတ်လျှင် အလုံးရေ (၉၀၀၀-၁၀၀၀၀) ရရှိ၍ ဒိုင်သွင်း ရောင်းချရငွေ ကျပ် (၃၆) သိန်းရှိပြီး ရေသွင်းဆီဖိုး၊ ဓာတ်မြေဩဇာနှင့် လုပ်သားခကုန်ကျ စရိတ် ကျပ် (၁၅) သိန်းရှိသဖြင့် ကျပ် (၂၁) သိန်းခန့် အမြတ်ငွေ ရရှိကြောင်း သိရှိရပါသည်။ ဒိုင်မှဝယ်ယူပြီး နွေသံပုရာသီးများကို မြို့နယ်အတွင်းနှင့် မော်လမြိုင်မြို့၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း နွေသံပုရာသီးဝယ်ယူသူများထံမှ သိရှိရပါသည်။
DOCA (မွန်)