
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/ငါး ဈေးနှုန်း ကဲ့သို့ မြင့်တက်လျက်ရှိပါသည်။
ဖားအိုင်းသည် ယခုလိုမိုးဦးကျရာသီတွင်သာ စားရသော ရှားပါးသည့် ရာသီစာဖြစ်ပြီး လူအများကြိုက်နှစ်သက်သည့်အတွက် ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဖားအိုင်းများကို မိမိတို့ ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးဖြင့် ကြော်စားခြင်း၊ ချက်စားခြင်းများ ပြုလုပ်၍ စားသောက်ကြပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထအပတ်တွင် ကျွန်းလှမြို့၏ ဖားအိုင်း ဈေးနှုန်းများ အနေဖြင့် ဖားအိုင်း တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ဖားအိုင်း(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် ဖားအိုင်း(၂၅) ကျပ်သားလျှင်(၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဖားရောင်းချသူထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)