
မိုးကြိုကာလအချိန်၌ ဈေးထဲတွင် မင်းဂွတ်သီးများ လှိုင်လှိုင်ပေါ်နေပြီဖြစ်ပါသည်။ အရသာချိုမြိန်ပြီး စားချင်စဖွယ်ဖြစ်သော မင်းဂွတ်သီးများကို အသီးတွေရဲ့ဘုရင်မဟုလည်း တင်စားခေါ်ဝေါ် ကြပါသည်။ ယခုအချိန်သည် ဒူးရင်းသီးပေါ်ချိန်ဖြစ်သောကြောင့် ဒူးရင်းသီးနှင့်တွဲဖက်စားရန် မင်းဂွတ် သီးများလည်း ပေါများနေချိန်ဖြစ်ပါသည်။ မင်းဂွတ်သီး ပေါက်ရောက်ရာဒေသသည် အရှေ့တောင် အာရှဖြစ်ပြီး အပူပိုင်းဒေသ၌လည်း ပေါက်ရောက်ပါသည်။
မင်းဂွတ်သီးသည် အခွံကအစအသုံးဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းပါသည်။ မင်းဂွတ်သီးတွင် ဘက်တီးရီးယားများကို သေစေနိုင်သော အစွမ်းရှိသောကြောင့် အသားအရည်အတွက်များစွာ အကျိုး ပြုပါသည်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ် ခြင်းကို ပျောက်ကင်းစေပါသည်။ မင်းဂွတ်သီးသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ ဝေဒနာရှင်များနှင့်လည်း တည့်သောအသီးဖြစ်သည်ဟုလည်း သိရပါသည်။
မင်းဂွတ်သီးသည် အအေးစာဖြစ်သောကြောင့် အပူစာဖြစ်သော ဒူးရင်းသီးနှင့် တွဲဖက်စားသုံး ရန် သင့်လျော်လှပါသည်။ မင်းဂွတ်သီးပေါ်ဦးပေါ်စအချိန်၌ ဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ယခု မေလ (ပထမပတ်) တွင် မင်းဂွတ်သီး ၁ လုံး လျှင် ၄၅၀ ကျပ်၊ ၁၀ လုံးလျှင် ၄,၅၀၀ ကျပ်ဖြင့် တောင်ငူ မြို့၊ ညောင်ပင်လေးဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA (ပဲခူး)