“စံပယ်စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

     မြန်မာနိုင်ငံတွင်နွေ၊မိုး၊ဆောင်းဟူ၍ ဥတုသုံးမျိုးရှိပြီး ရာသီအားဖြင့်(၁၂)လရာသီ (၁၂)လဟူ၍ ရှိပါသည်။(၁၂)လရာသီအားလုံးတွင်(၁)လချင်းအလိုက် ရာသီပန်းများ ဖူးပွင့်ကြပါ သည်။မြန်မာလ၏ တတိယမြောက်လဖြစ်သော နယုန်လ၏ ရာသီပန်းမှာ စံပယ်ပန်းဖြစ်ပါသည်။ စံပယ်ပန်းကို နယုန်လ ၏ရာသီပန်းဟုသတ်မှတ်ထားပေမဲ့ ကဆုန်လမှစ၍ ဖူးပွင့်ကြပါသည်။ စံပယ်ပန်းသည်ဖြူဖွေးသော အရောင်ရှိသည့်အပြင်ရနံ့မှာလည်းအလွန်တရာမွှေးကြိုင်လှပါသည်။စံပယ်ပန်းပင်များကိုမြန်မာပြည် အနှံ့စိုက်ပျိုးကြပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အတွင်းရှိကျေးရွာများဖြစ်သော ပြည်ပန်းကျေးရွာ၊ပင်တလည်ကျေးရွာနှင့်ထားဝယ်ကျေးရွာများတွင်အဓိကစိုက်ပျိုးသောပန်းတစ်မျိုး ဖြစ်ပါသည်။စံပယ်ပန်းများကိုကျောက်ဆည်မြို့ပေါ်၊ ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာများသို့လိုက်၍ ရောင်းချလျက်ရှိပါသည်။စံပယ်ပန်းပင်များကို တစ်ပင်နှင့်တစ်ပင်အကွာအဝေး (၄)ပေခြားစိုက်ပျိုးပြီး စံပယ်တစ်ပင်လျှင် အပွင့်(၆၀)နှုန်းဖြင့်ပွင့်ပါက စံပယ်ပန်းပင်တစ်ပင်၏ တစ်နေ့ အနည်းဆုံးဝင်ငွေ စံပယ်ပန်းပွင့်(၁၀)ပွင့်ပါ ပန်းကုံးတစ်ကုံးလျှင်(၈၀/-)ကျပ်နှုန်းဖြင့် တစ်နေ့တာအားဖြင့် (၄၈၀/-)ကျပ် ဝင်ပြီး စံပယ်ပန်းပင် အပင်(၁၀၀)ရှိသူအဖို့ တစ်နေ့တာဝင်ငွေအားဖြင့် (၄၈၀၀၀/-)ကျပ် အပိုဝင်ငွေ ရှိသောကြောင့်စံပယ်ပန်းပင်များကိုစိုက်ပျိုးသင့်ပါသည်။စျေးကွက်အနေဖြင့် စံပယ်ပန်းများကိုခြံအထိ လာရောက်ဖောက်သည်ယူသူများရှိသလိုရန်ကုန်၊မန္တလေးမြို့များသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိပြီး ဖောက်သည်စျေးအနေဖြင့်စံပယ်ပန်း(၁၀)ပွင့်ပါ(၁၀)ကုံး(၁)တွဲလျှင်(၅၀၀/-)ကျပ်စျေးဖြင့် ရောင်းချပေးပြီး လက်လီအနေဖြင့်(၃)ကုံးလျှင် (၂၀၀-၂၅၀)ကျပ်အထိ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။ စံပယ်ပန်းကို ရေနွေးကြမ်းအဖြစ် သောက်သုံးပါက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါသည်။ စံပယ်ပန်း ရေနွေးကြမ်းရဲ့ ဆေးဘက်ဝင်ပုံမှာ ကိုယ်အလေးချိန် ကျဆင်းစေနိုင်ခြင်း ၊ ရင်သားကင်ဆာနှင့်အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်းကျဆင်းစေနိုင်သလို အခြားနာတာရှည်ရောဂါများကိုလည်းကာကွယ်ပေးနိုင်ခြင်း၊ဆီချိုရောဂါဖြစ်နိုင်ချေကိုလည်းနည်းစေ နိုင်ခြင်းစသည့်ရောဂါများကိုပါကာကွယ်ပေးနိုင်သည့်အတွက် ဝင်ငွေလည်းတိုး ကျန်းမာရေးအတွက် ပါအကျိုးအပြုသော စံပယ်ပန်းပင်များကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)