“ရုံးပတီသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များစွာရရှိ”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်တောရွာများရှိ တောင်သူများသည် စပါး၊နှမ်း၊ပဲ၊ပြောင်း၊နေကြာစသည့် သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက်မျိုးစုံနှင့် သစ်သီးဝလံများကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အများအပြား စိုက်ပျိုးလာကြပါသည်။၄င်းသီးနှံများအနက်မှ ရုံးပတီသီး သီးနှံကိုလည်းစိုက်ပျိုးကြပါသည်။ရုံးပတီသီးပင်သည်ရာသီ မ‌ရွေးစိုက်ပျိုးနိုင်ပြီး ဝင်ငွေရလွယ်သောသီးနှံတစ်မျိုးဖြစ်သည့်အတွက် တွက်ခြေကိုက်၍စိုက်ပျိုးသင့် သောသီးနှံတစ်မျိုးဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးသောရွာများမှာ ကျောင်းကုန်း၊ ကလိုင်ကျော်နှင့် အင်ရောင်းကျေးရွာများဖြစ်ပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး၊ပင်လတ်မျိုးနှင့်ပင်မြင့်မျိုးများ ကိုစိုက်ပျိုးကြပြီး(ပင်မြင့်မျိုး) Finger One ရုံးပတီမျိုးကို အများဆုံးစိုက်ပျိုးကြပါသည်။(၁)ဧကလျှင် မျိုးစေ့(၁၂)ထုပ်စိုက်ပျိုးရပြီးမျိုးစေ့(၁)ထုပ်လျှင်(၂၅၀၀၀/-)ကျပ်ပေးရကြောင်း၊(၁)ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၀၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကျ ကြောင်း ၊ စတင်စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် စတင်ခူးဆွတ်ရပါသည် ။ ခူးဆွတ်မှုအနေဖြင့် တစ်ရက်ခြား တစ်ကြိမ်ခူးဆွတ်ပေးရကြောင်း ၊ သက်တမ်းအနေဖြင့် (၂)လအထိ ခူးဆွတ်ရကြောင်း ၊ စျေးနှုန်းစျေးကွက်အနေဖြင့် ဖောက်သည်စျေး (၁)ပိဿာလျှင် (၃၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် စျေးနှုန်းအတက်အကျရှိနိုင်ပါ ကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပိဿာ(၁၅၀၀)ခန့်ထွက်ရှိကြောင်း ၊ အကျိုးအမြတ် အနေဖြင့် (၁၅)သိန်းခန့်မြတ်ပြီး ပွဲစားများမှစိုက်ခင်းထဲများအထိ လာရောက်ဝယ်ယူကြကြောင်း ၊ ရုံးပတီသီး သီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များစွာရရှိသည့်အပြင် စားသုံးမှုအတွက် ကျန်းမာ စေမည့်ဟင်းစားရုံးပတီသီး သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)