မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲတီစိမ်း(မိုး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၂၉၆)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ပဲတီစိမ်း(မိုး)ကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့်ဇူလိုင်လများတွင် စတင်ခူးဆွတ်ရကြောင်း သိရှိရပါသည်။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင့် ရေဆင်း(၁၁)မျိုးကိုအများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့(၅-၆)ပြီခန့် ကုန်ကျကြောင်း ၊ ပဲတီစိမ်းမျိုးဈေးနှုန်းအနေဖြင့် တစ်ပြီလျှင် (၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူ စိုက်ပျိုးရပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ၊ စုစုပေါင်း(၃၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခုအချိန်တွင် ပဲတီစိမ်းအပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခင်နှစ် ဈေးနှုန်းအနေဖြင့်ပဲ တီစိမ်းတစ်တင်းလျှင်(၅၅၀၀၀)ကျပ် ဈေးနှုန်းရှိခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၁၁-၁၂)တင်းခန့်ထွက်ရှိကြောင်း အကျိုးအမြတ်အနေဖြင့် (၃၀၀၀၀၀)ကျပ် မြတ်ခဲ့ကြောင်း၊ ယခုနှစ် တွင်ပဲတီစိမ်းများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း ပဲတီစိမ်းတစ်တင်းလျှင်(၇၀၀၀၀)ကျပ်ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ပဲတီစိမ်းထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှုန်းနှင့်ဈေးနှုန်း ကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း ၊ ပဲတီစိမ်း စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)