မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျှက်ရှိပါသည်။ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်း၌ နေကြာ(မိုး) စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၆၄၇) ဧက၊စုစုပေါင်း(၁၆၅၃)ဧကစိုက်ပျိုး ထားရှိကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည် ။ နေကြာ (မိုး)စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်(၂၅၀၀၀၀)ကျပ် ခန့်ကုန်ကျကြောင်း၊နေကြာ(မိုး)ကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် နေကြာပင်များ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း ၊ ယခင်နှစ် နေကြာဈေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၃၄၀၀၀/-)ကျပ် ဈေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် နေကြာများ ထွက်ပေါ်ခြင်းမရှိသေးသော်လည်း နေကြာတစ်တင်းလျှင်(၆၀၀၀၀/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ နေကြာများထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့်ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ် ကြောင်း နေကြာစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)