ဈေးကောင်းရရှိနေသော ရုံးပတီသီး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်  အုတ်ဖိုမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား၍ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကာ စီးပွားရေးဖွံ့ဖြိုးလျက်ရှိသော မြို့နယ်ဖြစ်ပါသည်။ ဆန်စပါး၊ မတ်ပဲတို့ အဓိကထား၍ စိုက်ပျိုးသည့်အပြင် ရာသီပေါ်သီးနှံများဖြစ်သော ငရုတ်၊ ဂေါ်ဖီ၊ သခွား၊ ရုံးပတီ၊ ချဉ်ပေါင်တို့ကိုလည်း‌ ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့ တင်ပို့နိုင်သည် အထိ စိုက်ပျိုးလျက်ရှိပါသည်။

          အုတ်ဖိုမြို့အတွင်းရှိ လင်းလွန်းပင်ရွာ၊ ဥတိုရွာ၊ ကြက်ဆူတောရွာ၊ နနွင်းကုန်း၊ ငါးရှဥ့်ရိုး၊ သရက်ကုန်း၊ ကွေ့ချောင်းချောင်းနားရွာများသည် ရုံးပတီသီးအများဆုံး စိုက်ပျိုး၍ ဈေးကောင်းရရှိ လျက်ရှိသည်။ ရုံးပတီပင်သည် ရာသီဥတုဒဏ်အကြမ်းခံနိုင်သဖြင့် ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်မှ သီးနှံဆွတ်ခူးချိန်ထိ ၄၅ ရက်ခန့်သာရှိသဖြင့် အချိန်တိုတိုနှင့် ဝင်ငွေရရှိနိုင်ကြောင်း ရုံးပတီသီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ သွင်းအားစုအနေဖြင့် စိုက်ခင်းမြေထွန်ယက်ခ  ၁၆၀,၀၀၀ ကျပ်၊ ဘောင်တင်ခ ၁၆၀,၀၀၀ ကျပ်၊ စိုက်ပျိုးပင်စိုက်ရန်ကျင်းတူးခ ၁၅၀,၀၀၀၊ မြက် ကောက်ခ ၁၅၀,၀၀၀ ကျပ်၊ အပင်အားဆေး ၂၄၀,၀၀၀ ကျပ်၊ အသီးအားဆေး ၂၄၀,၀၀၀ ကျပ်၊ မျိုးစေ့ ဖိုး (၈ ထုပ်) ၃၆၀,၀၀၀ ကျပ်၊ ခူးဆွတ်ခ ၃၅ ကြိမ်အတွက် လုပ်သားခ ၃၅၀,၀၀၀ ကျပ်၊ သယ်ယူခ (၃၅ ကြိမ်)အတွက် လုပ်သားခ ၁၄၀,၀၀၀ ကျပ်၊ ရေသွင်းခြင်းအတွက် (၁၂ ကြိမ်) ၁,၁၀၀,၀၀၀ ကျပ် ကုန်ကျပါသည်။ မျိုးစေ့ဖိုး၊ ဆေးဖိုး၊ ရေသွင်းခ၊ ပေါင်းရှင်းခနှင့် အပင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်ထိ ကုန်ကျစရိတ် ၃,၀၅၀,၀၀၀ ကျပ် ကုန်ကျနိုင်ပါသည်။ အောက်တိုဘာလအတွင်း ရုံးပတီသီးတစ် တောင့်လျှင် ၂၅ ကျပ်မှ ၂၈ ကျပ်ကြား ရရှိပါသည်။ ရုံးပတီသီးကို တစ်ရက်ခြား ခူးဆွတ်ရပြီး တစ်ခါ ခူးဆွတ်လျှင် အတောင့် ၅,၀၀၀ ခန့်ဖြင့် ၃၅ ရက်ခန့် ခူးဆွတ်ရပြီး အတောင့်ရေ  ၁၇၅,၀၀၀ တောင့် ရပါသဖြင့် တစ်ဧကဝင်ငွေ ၄,၅၅၀,၀၀၀ ကျပ်ရရှိပါသည်။ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ၁,၅၀၀,၀၀၀ ကျပ် အမြတ်ဝင်ငွေရရှိနိုင်ပါကြောင်း စိုက်ပျိုးသူတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA (ပဲခူး)