
ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အဓိကဆီထွက်သီးနှံထုတ်လုပ်သည့် ဒေသကြီး တစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး၊ မြေပဲစိုက်ပျိုးရေးလုပ်ငန်းမှာ ဒေသခံတောင်သူများ ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်လာပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေပဲစိုက်ပျိုးမှုကို အဓိကအားဖြင့် ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်နှင့် လပွတ္တာခရိုင်များတွင် စိုက်ပျိုးလျက်ရှိပြီး၊ ဒေသအလိုက် စိုက်ပျိုးဧက အချိုးအစားနှင့် ပျမ်းမျှအထွက်နှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ ပုသိမ်ခရိုင်တွင် စိုက်ဧက ၁၅၀,၀၀၀ ခန့်ရှိပြီး ပျမ်းမျှအထွက် တစ်ဧက ၃၅ အိတ်ခန့်)၊ မြောင်းမြခရိုင်တွင် စိုက်ဧက ၁၂၀,၀၀၀ ခန့်ရှိပြီး ပျမ်းမျှအထွက် တစ်ဧက ၄၂ အိတ်ခန့် ၊ ဟင်္သာတခရိုင်တွင် စိုက်ဧက ၁၀၀,၀၀၀ ခန့်ရှိပြီး ပျမ်းမျှအထွက် တစ်ဧက ၃၀ အိတ်ခန့်၊ မအူပင်ခရိုင်တွင် စိုက်ဧက ၈၀,၀၀၀ ခန့်ရှိပြီး ပျမ်းမျှ အထွက် တစ်ဧက ၂၈ အိတ်ခန့်နှင့် လပွတ္တာခရိုင် တွင် စိုက်ဧက ၆၀,၀၀၀ ခန့်ရှိပြီး ပျမ်းမျှအထွက် တစ်ဧက ၂၅ အိတ်ခန့် ထွက်ရှိသည့်အတွက် မြောင်းမြခရိုင်သည် အထွက်နှုန်းအမြင့်ဆုံး ဒေသဖြစ်ပြီး ပုသိမ်ခရိုင်သည် စိုက်ပျိုးဧကအများဆုံးဒေသဖြစ်ပါသည်။
မြေပဲသီးနှံသည် စိုက်ပျိုးရန် ကုန်ကျစရိတ်သက်သာပြီး ရာသီတိုသီးနှံဖြစ်သည့်အတွက် တောင်သူများအတွက် နှစ်စဉ်ဝင်ငွေကောင်းစွာရရှိစေနိုင်သည်။ ၂၀၂၅ ခုနှစ် မြေပဲဈေးနှုန်းမှာ အိတ်တစ်လုံးလျှင် ၁၂,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ်အထိ ရှိခဲ့ပြီး၊ တောင်သူတစ်ဦးချင်းစီအနေဖြင့် တစ်ဧက ၃၀၀,၀၀၀ ကျပ်မှ ၆၀၀,၀၀၀ ကျပ်အထိ ဝင်ငွေရရှိကြောင်း သိရသည်။ ထို့အပြင် မြေပဲဆံကို ဆီအဖြစ်ပြုလုပ်ကာ ပြည်တွင်းနှင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချခြင်းဖြင့် နှစ်စဉ် ဝင်ငွေဘီလီယံပေါင်းများစွာ ရရှိစေနိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် မြေပဲစိုက်ဧက ၆၅၀,၀၀၀ အထိ တိုးချဲ့ စိုက်ပျိုးရန် ရည်မှန်းထားပြီး၊ အရည်အသွေးမြင့် မြေပဲမျိုးစေ့များနှင့် ခေတ်မီစိုက်ပျိုးနည်း စနစ်များကို အသုံးပြုကာ နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)