
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ သစ်သီးဝလံတစ်မျိုးဖြစ်သော သင်္ဘောသီးပင်ကို စီးပွားဖြစ် စိုက်ပျိုးကြပါသည်။
သင်္ဘောပင်ကို စိုက်ပျိုးရာတွင် မျိုးစေ့ကို တပေါင်းလနှင့်တန်ခူးလမှာ ပျိုးထောင်ပြီး ကဆုန်လတွင် စိုက်ခင်းသို့ပြောင်း၍ အတန်းလိုက်စိုက်ပျိုးရပါသည်။ သင်္ဘောပင်စိုက်ခင်းတစ်ဧကလျှင် အပင်ရေ (၇၀၀) ဝန်ကျင် စိုက်ပျိုးနိုင်ပြီး၊ သင်္ဘောစိုက်ပျိုးရာတွင် မြေပြင်၊ မြေဘောင်ဆွဲ၊ ရေတင်၊ သွင်းအားစု၊ လုပ်အားခ စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်သိန်း (၃၀) မှ (၃၅) သိန်းထိ ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၆) လအကြာတွင် အသီးသီးပြီး တစ်ဧကလျင် (၆၀၀၀) လုံး ဝန်းကျင်ထွက်ရှိရာ ယခုနှစ်တွင် တောင်သူရောင်းဈေးမှာ သင်္ဘောသီးတစ်လုံးလျင် (၁၀၀၀) ဈေးဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြသဖြင့် တောင်သူများအနေဖြင့် တစ်ဧကလျင် (၂၅)မှ (၃၀) သိန်းဝန်ကျင် အကျိုးအမြတ်ရရှိကြောင်း တောင်သူများထံမှ သိရသည်။ ပွဲစားများမှ စိုက်ခင်းထိ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြရာ သင်္ဘောပင်စိုက်ခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သင်္ဘောပင်စိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)