ဝဥ စိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

              မိုးဦးကျကာလ ဇွန်လ မိုးပွင့်လေးများကျလာပြီးဆိုတာနဲ့ စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေ တိုးစေတဲ့ Araceae ( ခေါ် ) ပိန်းမျိုးရင်းတစ်မျိုးဖြစ်တဲ့ “ ဝဥ ” ပင်များကို စီးပွားဖြစ်စိုက်ပျိုးလေ့ ရှိကြပါတယ်။ “ ဝဥ ” အပင်များကို အပူပိုင်းဒေသများနှင့် အာဖရိကဒေသများတွင် သဘာဝ အလျောက်ပေါက်ရောက်ဖြစ်ထွန်းမှုရှိပြီး အအေးပိုင်း၊ တောင်ပေါ်ဒေသများတွင် စနစ်တကျ စိုက်ပျိုး ဖြစ်ထွန်းမှုရှိသော အပင်တစ်ပျိုးဖြစ်တယ်။ ချင်းပြည်နယ်တောင်တန်းဒေသများတွင် ပေါက်ရောက်မှု ပိုများပြီး ဝင်ငွေကောင်းကာ ကျန်းမာရေးနှင့် သင့်တော်တဲ့ ဥအမျိုးအစားဖြစ်ပါသည်။ ချင်းပြည်နယ်  အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဝဥစိုက်ပျိုးမှုဧကအနေဖြင့် မတူပီမြို့တွင် (၂၆၀၀) ဧကနှင့် မင်းတပ်မြို့တွင် (၄၃၁၀) ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။ 

           “ ဝဥ ” သည် အတွင်းအသားရောင်များအနေဖြင့် အဖြူရောင်၊ အဝါရောင်နှင့် အနီရောင် ဟူ၍ အရောင်အမျိုးမျိုးရှိပါသည်။ “ ဝဥ ” အပင်သည် ရိုးတံရှည်ပြီး ချောမွတ်ကာ အဖြူကွက်လေးများနှင့် ရွက်ပြားကျယ်ပြန့်ပြီး အရွက်မျက်နှာပြင်ပေါ်တွင် ခွဆုံနေရာများတွင် မျိုးစေ့များထုတ်ပေးသော အပင်မျိုးနှင့် ပန်းခိုင်ထွက်ရှိကာ မျိုးစေ့ထုတ်ပေးသော အပင်ဟူ၍ ကွဲပြားမှုရှိပါသည်။ “ ဝဥ ” အဖြူ မျိုးနှင့် အဝါမျိုးများသည် ချက်ချင်းချက်ပြုတ်စားနိုင်ပြီး အနီမျိုးသည် ယားယံတတ်ကြောင်းသိရှိ ရပါသည်။

          “ ဝဥ ” ပင်များကို ဇွန်လတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဇူလိုင်လတွင် အရွက်ဖားဖားနှင့် အပင်ဖြစ်ထွန်းတတ်ပြီး စက်တင်ဘာလခန့်တွင် ပင်စည်အရင်းဘက် မြေကြီးအတွင်း ဝဥများ ကြီးထွားလာကာ အောက်တိုဘာလပိုင်းတွင် အရွက်များပေါ်တွင် မျိုးဥသီးသည့် အဖြူမျိုးနှင့် ဖူးတံထွက်ကာ အသီးပန်းခိုင်သီးသည့် အဝါမျိုးများ ဖြစ်ပါသည်။ အရွက်များပေါ်မှ ထွက်ရှိသည့် မျိုးဥများကို စနစ်တကျခူးဆွတ်ကာ မျိုးဥများအဖြစ် ပြန်လည်ရောင်းချကြပါသည်။ “ ဝဥ ” အဝါရောင်မှ ထွက်လာသည့် ဖူးတံများတွင် နိုဝင်ဘာနှောင်းပိုင်းတွင် အသီးများရင့်ကာ နီရဲနေသော အသီးများ မြေပေါ်ကြွေကျကာ မိုးဦးကျကာလတွင် အပင်များပေါက်ရောက်တတ်ပြီး မျိုးစက် ပျံ့နှံ့ လွယ်ပါသည်။ “ ဝဥ ” များတူးဖော်ရာတွင် ပင်စည်နှင့် အရွက်များ အဝါရောင်သန်းကာ အရွက်မျိုး ညိုးကာ မြေပေါ်ညိုးခြောက်ချိန် နိုဝင်ဘာလနှောင်းပိုင်း ဒီဇင်ဘာလတွင် စတင်တူးဖော်နိုင်ပြီ ဖြစ်ပါသည်။

           “ ဝဥ ” ပင်များသည် မြေမွကာ ရေမဝပ်စေရန် သတိပြုပြီး စိုက်ပျိုးရပါသည်။ အရိပ်ကြိုက် သောအပင်မျိုးဖြစ်သောလည်း အရိပ်ထူလျင် အလင်းရရှိသည့်ဘက်သို့ အပင်များယိုင်သွားတတ် ပါသည်။ “ ဝဥ ” အရွယ်အစားမတူညီကြဘဲ အကြီးဆုံးအရွယ်အစားများမှာ ( ၁ ) ပိဿာခန့်ရှိသော ဥများလည်း ရရှိတတ်ပါသည်။ ရရှိသော “ ဝဥ ” များကို တူးဖော်ပြီး အရိပ်ရပြီး လေသလပ်ရာတွင် ထားရှိရပါသည်။ “ ဝဥ ” အစိုးများကို အခြောက်လှမ်းရန်အတွက် ပါးပါးလှီးရပါသည်။ လှီးဖြတ်ရာ တွင် လက်များယားယံတတ်သောကြောင့် လက်အိတ်ဆွတ်ကာ လှီးဖြတ်ရပါသည်။ “ ဝဥ ” များကို အပြားညီအောင် ပါးပါးလှီးပြီး နေခြောက်လှမ်းပေးရပါသည်။ နေခြောက်လှမ်းရာတွင် နှစ်ရက်ခန့် လှမ်းရပါတယ်။ “ ဝဥ ” အစို ( ၇ ) ပိဿာခန့် အခြောက်လှမ်းရာတွင် အခြောက် ( ၁ ) ပိဿာခန့်သာ ထွက်ရှိပါသည်။ “ ဝဥ ” ဈေးနှုန်းများအနေဖြင့် အစိုတစ်ပိဿာလျှင် ယခင်ပေါက်ဈေးနှုန်းများ အနေဖြင့် ( ၁၀၀၀ - ၂၀၀၀ ) ကျပ် ရရှိသော်လည်း ယခုနှစ်တွင် ( ၅၀၀ - ၇၀၀ ) ကျပ်သာ ပေါက်ဈေးနှုန်းရရှိပြီး အခြောက်တစ်ပိဿာလျှင် ယခင်ဈေး ( ၉၀၀၀ - ၁၂၀၀၀ ) ကျပ် ရရှိသော် လည်း ယခုနှစ်တွင် ( ၅၀၀၀ - ၆၅၀၀ ) ကျပ် ပေါက်ဈေးနှုန်းများသာ ရရှိပါကြောင်း ဈေးကွက်များ အတွင်းမှ လေ့လာသိရှိရပါသည်။

             မျိုးစေ့ဈေးနှုန်းများအနေဖြင့် ( ၇၀၀ - ၁၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများသာရှိပါသည်။ ဈေးကွက်များအနေဖြင့် ပွဲစားများမှတဆင့် ရောင်းချရပြီး ချင်းပြည်နယ်မှ ထွက်ရှိသော  “ ဝဥ ” များကို ပိုမိုကြိုက်နှစ်သက်ကြောင်း သိရှိရပါသည်။ ယခင်က တောတောင်များအတွင်း သဘာဝ ပေါက်ပင်များသာရှိပြီး ယခုအခါတွင် စိုက်ပျိုးရလွယ်ကူပြီး နိုင်ငံခြားဝင်ငွေတိုးစေသည့်အပင် ဖြစ်သောကြောင့် မိမိ၏အိမ်ဝန်းများအတွင်းတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများ ပိုမိုများ လာကြပြီ ဖြစ်ပါသည်။

            “ ဝဥ ” စိုက်ပျိုးရာတွင် ပန်းခိုင်မှရရှိသော မျိုးဥများကိုလည်းကောင်း၊ မြေအောက်ရှိ ဥပွားများကို ခွဲယူ၍လည်းကောင်း၊ တစ်ပိဿာခန့်ရှိသော ဥများကို ခွဲခြမ်း၍လည်းကောင်း၊ အရွက်မှ သီးသော မျိုးဥသီးများကို လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။

           “ ဝဥ ” စားသုံးခြင်းအား ကျန်းမာရေးရှု့ထောင်မှ ကြည့်ရှုမည်ဆိုပါက အမျှင်ဓါတ်ပါဝင်မှု များသောကြောင့် အစောခြေဖျက်မှုအားကောင်းခြင်း၊ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါသည်။ မျက်စိကျန်းမာရေးကို အထောက်အကူပြုကာ ဆီးချိုရောဂါသည်များအနေဖြင့်လည်း စားသုံးနိုင်ပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါသည်။ အရေပြားချောမွတ်စေကာ ကိုယ်အလေးချိန်လျော့ကျ စေသည့်အပြင် အမျိုးသမီးများ ဓမ္မတာလာစဉ် ခံစားရတတ်သည့် ဝေဒနာများကို လျော့ကျစေသည့် အတွက် စားသုံးရန်သင့်တော်ပြီး ကျန်းမာရေးကောင်းကျိုးများကိုသာ ရရှိသည့် ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။

           “ ဝဥ ” သည် စားသောက်ကုန်များ၊ စက်မှုကုန်ကြမ်းများ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါး ထုတ်လုပ်ရာတွင်လည်းကောင်း တိရိစ္ဆာန်အစာအဖြစ်လည်းကောင်း အသုံးပြုကြပြီး မုန့်ပဲသားရည် စာများဖြစ်သည့် ဂျယ်လီများ၊ ခေါက်ဆွဲများအဖြစ်လည်း ထုတ်လုပ်ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ဆေးဆိုးပန်းရိုက်လုပ်ငန်းများ၊ မျက်နှာပေါင်းတင်ဆေးများ၊ ဆီးချိုရောဂါ ကုသဆေးများ၊ ဝမ်းရောဂါဆေးများ၊ သွေးတိုးရောဂါကု ဆေးဝါးများ ထုတ်လုပ်ရာတွင်လည်း ပါဝင်ပစ္စည်းများအဖြစ် အသုံးဝင်သော အပင်မျိုးဖြစ်ပါသည်။

           ချင်းပြည်နယ်မင်းတပ်မြို့၊ ထင်းချောင်းအနီးတွင် ချင်းပြည်နယ်၏ အကြီးမားဆုံးသော “ ဝဥ ” အခြောက်ခံစက် စက်ရုံကြီးကို ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။ မင်းတပ်မြို့၊ မတူပီ မြို့နှင့် ကန်ပက်လက်မြို့များတွင် ဝဥ စိုက်ပျိုးတောင်သူ ( ၈၀၀ ) ကျော် ရှိပြီး အသင်းအဖွဲ့များ ဖွဲ့စည်းထားရှိသည်ကိုလည်း လေ့လာသိရှိရပါသည်။

             “ ဝဥ ” များ တင်ပို့ရောင်းချမည်ဆိုပါက အခွန်ကင်းလွတ်ခွင့်ပြုထားခြင်းမှာ အားသာချက် တစ်ခုဖြစ်ပြီး ရောင်းချရာတွင်လည်း ရောင်းလိုသူများအနေဖြင့် လိုက်လံရောင်းချရခြင်းမျိုးမဟုတ်ဘဲ ဝယ်ယူသူများက အိမ်တိုင်ရာအရောက် ဝယ်ယူကြသဖြင့် မျက်နှာပန်းလှလှ ရောင်းပန်းဝင်သည့် အပင်မျိုးဖြစ်ပါသည်။

           “ ဝဥ ” ပင်သည် စိုက်ပျိုးချိန်မှ တူးဖော်ရသည့်အချိန်ထိ ( ၆ ) လခန့်သာ ကြာမြင့်ပြီး ကာလတို အပင်မျိုးဖြစ်သောကြောင့် မိသားစုအပိုဝင်ငွေအနေဖြင့် တစ်ဖက်တစ်လှမ်းမှ အထောက် အကူပြုသည့် အပင်ဖြစ်ခြင်းကြောင့် စနစ်တကျစိုက်ပျိုးလျင် အကျိုးဖြစ်ထွန်းမှု ပိုမိုများပြားကာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ပျိုးနိုင်ပါက ပိုမိုသင့်တော်သောကြောင့် “ ဝဥ ” စိုက်ပျိုး ဝင်ငွေတိုးဆိုသည့် အမည်နှင့်လိုက်ဖက်အောင် ဝင်ငွေရရှိသော အပင်မျိုးဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)