လပွတ္တာမြို့နယ်မှ နေလှန်းဆားများ ရန်ကုန်ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လာ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ထုတ်လုပ်သည့် အရည်အသွေးမြင့် နေလှန်းဆားများ ရန်ကုန်ဈေးကွက်တွင် ဝယ်လိုအားမြင့်မားစွာ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလအတွင်း ပိဿာချိန် ၈၅,၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ်အတွက် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ လပွတ္တာမြို့နယ်မှ ဆားလုပ်ငန်းရှင်များက ၎င်းတို့၏ ဒေသ ထွက်ဆားများကို ရန်ကုန်မြို့ရှိ အဓိကဈေးကြီးများသို့ ပုံမှန်တင်ပို့လျက်ရှိရာ ဖေဖော်ဝါရီလတွင် ပိဿာချိန် ၈၅,၀၀၀ အထိ ရောင်းချနိုင်ခဲ့ကြောင်း ဆားရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးမျိုးသူရက ပြောကြားသည်။

             ထို့ပြင် "လပွတ္တာဆားတွေက အနံ့အရသာသန့်ပြီး အစိုဓာတ်နည်းတာကြောင့် စားသုံးသူတွေကြား နာမည်ကောင်းရထားပါတယ်။ ဖေဖော်ဝါရီလမှာ ဆားဈေးကွက်က ပိုကောင်းလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့တင်ပို့မှုပမာဏလည်း ၃၀% ကျော် တိုးလာခဲ့ပါတယ်" ဟု ၎င်းက ရှင်းပြသည်။ ဈေးနှုန်းအနေဖြင့် နေလှန်းဆား ၁ ပိဿာလျှင် ကျပ် ၄,၅၀၀ မှ ၅,၀၀၀ အထိ ဈေးကောင်းရရှိကြောင်း၊ ယခုလက်ရှိတွင် လပွတ္တာမြို့နယ်ရှိ ဆားခြောက်လုပ်ငန်း ၂၀ ကျော်မှ တစ်နေ့လျှင် ပိဿာချိန် ၃,၀၀၀ မှ ၅,၀၀၀ အထိ ထုတ်လုပ်နိုင်ကြောင်း သိရသည်။

           ရန်ကုန်မြို့တွင် လပွတ္တာဆားများကို အဓိကဝယ်ယူသည့် ကုန်သည်ကြီးများက ဆား အရည်အသွေးမှာ ယခုနှစ်တွင် ပိုမိုကောင်းမွန်လာသည်ဟု မှတ်ချက်ပြုကြသည်။ "လပွတ္တာ ဆားတွေက ဆားခါးနည်းပြီး အစိုဓာတ်လည်း နည်းတာကြောင့် စားသုံးသူတွေက ပိုနှစ်သက်ကြပါတယ်။ ကျွန်မတို့ဆိုင်မှာ တစ်လကို ပိဿာ ၂,၀၀၀ ကျော် ရောင်းရပါတယ်" ဟု ဆားကုန်သည်တစ်ဦးဖြစ်သူ ဒေါ်ခင်စန်းရီကပြောသည်။ စီးပွားရေးပညာရှင်များက ဧရာဝတီတိုင်းဒေသကြီးမှ ဒေသထွက်ကုန်များ၏ ဈေးကွက်တန်ဖိုးမြင့်မားလာမှုသည် တိုင်းဒေသကြီး၏ ကျေးလက်စီးပွားရေးကို အထောက်အကူပြုလျက်ရှိကြောင်း မှတ်ချက်ပြုကြသည်။ လပွတ္တာမြို့နယ်တွင် ဆားလုပ်ငန်းနှင့်သက်ဆိုင်သော လုပ်သားပေါင်း ၅,၀၀၀ ကျော် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိထားကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)