မြင်းခြံခရိုင် မိုးစပါးရိတ်သိမ်းမှု

Powered by Drupal

          စပါးသီးနှံကို ရှေးယခင်က မိုးရာသီမှာသာအဓိထားပြီးအများဆုံးစိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်း ၁၉၉၂-၁၉၉၃ ခုနှစ်လောက်မှစ၍ နွေရာသီမှာပါ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြပါသည်။စပါးကို နွေ၊မိုး နှစ်ရာသီစိုက်ပျိုးနိုင်သည့်အတွက် တောင်သူများဝင်ငွေတိုးကာ ပြည်တွင်းစား သုံးမှုဖူလုံပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချနိုင်ပါသည်။ မိုးစပါးကို ယေဘုယအားဖြင့် မေလမှ စက်တင်ဘာလကုန်ထိ စိုက်ပျိုးကြပါသည်။ စပါးပင်အတွက် နေရောင်ခြည်စွမ်းအင်အဓိကရရှိမှသာ အပင်အတွက် အစာချက်လုပ်နိုင်မည်ဖြစ်ပါသည်။ သို့မှသာကြီးထွားဖွံ့ဖြိုး၍ စပါးအထွက်တိုးနိုင်မည် ဖြစ်ပါသည်။စပါးပင် အနှံထွက်ပန်းပွင့်ပြီးနောက် ရက်(၃၀)မှ(၄၀)ရက်အတွင်း ရိတ်သိမ်းနိုင်ပါက ဆန်အကျိုးအကြေနည်းပြီး ဆန်အရည်အသွေးကောင်းစေပါသည်။

          မြင်းခြံခရိုင်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်မိုးစပါးစိုက်ဧကမှာ (၂၃၀၉၃)ဧကရှိပြီး အားလုံးရိတ်သိမ်းပြီးဖြစ်ပါသည်။ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၇၀.၃၈)တင်းနှုန်းဖြင့် တင်းပေါင်း (၁၆၃၉၁၃၄) တင်း ထွက်ရှိခဲ့ပါသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၃၅၉၅)ဧက၊ တောင် သာမြို့နယ်တွင် (၄၁၇၆)ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၉၈၁၇)ဧက၊ ငါန်းဇွန်မြို့နယ်တွင် (၅၅၀၅) ဧကတို့ ဖြစ်ပါသည်။မြင်းခြံခရိုင်တွင် စပါးစိုက်ပျိုးမှုအနေဖြင့် မနောသုခစပါးကို အများဆုံးစိုက်ပျိုးကြပြီး လက်ရှိမနောသုခစပါးအသစ် တစ်တင်းပေါက်ဈေးအနေဖြင့် (၇၀၀၀) ကျပ် ဝန်းကျင်ရှိပြီး အဟောင်း တစ်တင်းလျှင် (၁၀၀၀၀)ကျပ်ဝန်းကျင်ရှိကြောင်း သိရပါသည်။ဆန်ဈေးအနေဖြင့် မနောသုခ(အသစ်) တစ်အိတ်လျှင် (၂၇၀၀၀)ကျပ်ဝန်းကျင်၊ မနောသုခ(အဟောင်း) တစ်အိတ်လျှင် (၃၈၀၀၀) ကျပ်ဝန်းကျင်တို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)