
၂၀၂၅ခုနှစ်၊ ဧပြီလ စတုတ္ထပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ဈေးကွက်အတွင်း နွေရာသီပေါ် ဟင်းသီးဟင်းရွက်ဖြစ်သည့် ကင်းပွန်းချဉ်ရွက်များလှိုင်လှိုင်ပေါ်ပြီး ဈေးနှုန်းကောင်းလျက်ရှိကြောင်း သိရသည်။
ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင်ချုံပင်မျိုးဖြစ်သည်။ ကင်ပွန်းချဉ်ကို အချဉ်ရည် ချက်ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ ဟင်းချိုချက်သောက်ခြင်းများပြုလုပ်၍ စားသုံးနိုင်ပါသည်။ ကင်ပွန်းချဉ်သည် အသည်းအတွက် အလွန်အသုံးဝင်ပါသည်။ ကင်ပွန်းချဉ်ရွက်ကိုစားသုံးခြင်းအားဖြင့် ဆံသားကိုပြန်လည်သန်စွမ်းစေနိုင်ခြင်း၊ အရေပြားရောဂါ၊ ခံတွင်းရောဂါ၊ ဆီးချိုရောဂါ ၊ အစာအိမ် ရောဂါ၊ ဌက်ဖျားရောဂါ ၊ နှလုံးရောဂါ၊ သွေးနှင့်ဆိုင်သောရောဂါ၊ ဝမ်းချုပ်ခြင်း စသည်တို့ကို သက်သာ ပျောက်ကင်းစေနိုင်သည်။
ကင်းပွန်းချဉ်ရွက် အစည်းသေး တစ်စည်း (၅၀၀)ကျပ်၊နှင့် အစည်းကြီးတစ်စည်းလျှင် (၁၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကင်းပွန်းချဉ်ရွက်ကို ဘားအံမြို့ အနီးတဝိုက် ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြောင်းနှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ အနေဖြင့် နေ့စဉ် ဝင်ငွေရလျက်ရှိကြောင်း သိရသည်။
DOCA (ကရင်)