ပခုက္ကူဈေးကွက်၌ ပဲယင်း(နီ)နှင့်ပဲယင်း(ဝါ)သီးနှံများ အရောင်းအဝယ်သွက်

Powered by Drupal

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဆိပ်ဖြူ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ကျေးရွာများ၌ ပဲယင်းသီးနှံကို ဆောင်းရာသီ တွင်စိုက်ပျိုးကြကြောင်း၊ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလတွင် သီးနှံရိတ်သိမ်းရကြောင်း၊ သီးနှံပေါ်ချိန်ဖြစ်၍ ပခုက္ကူပဲဈေးကွက်သို့ ကုန်ချိန် ဝင်ရောက်မှု များလျက်ရှိကြောင်း သိရှိရသည်။

            ပခုက္ကူဈေးကွက်၌ ပဲယင်းသီးနှံများ ၂၀၂၅ခုနှစ်၊ မတ်လမှစတင်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိရာ သီးနှံပေါ်စ ပဲယင်း(နီ) တစ်တင်းလျှင် ကျပ်(၇၆၀၀၀)၊ ပဲယင်း(ဝါ)တစ်တင်းလျှင် ကျပ် (၆၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဧပြီလ(စတုတ္ထပတ်)တွင် ပဲယင်းနီတစ်တင်းလျှင် ကျပ်(၇၈၅၀၀)၊ ပဲယင်းဝါတစ်တင်းလျှင် ကျပ်(၇၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်သီးနှံပေါ်စအချိန်နှင့် ဧပြီလ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်း နှိုင်းယှဉ် ပါက ပဲယင်းနီတစ်တင်းလျှင် ကျပ်(၂၅၀၀)၊ ပဲယင်းဝါတစ်တင်းလျှင် ကျပ်(၃၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ တစ်ရက်လျှင် ပိဿာ (၃၀)ဝင်အိတ်ရေ (၂၀၀) မှ (၃၀၀) အထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ပဲယင်းနီသီးနှံကို ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပတင်ပို့မှုများကြောင်း၊ ပဲယင်းဝါသီးနှံကို ပြည်တွင်းတိရစ္ဆာန်အစာအဖြစ် မွေးမြူရေးလုပ်ငန်းရှင်များမှ ဝယ်ယူမှုအများအပြားရှိသည့်အပြင် မန္တလေးမြို့သို့လည်း တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ယခင်ကတိရစ္ဆာန် အစားအစာအဖြစ် မြေပဲ ဖတ်ကိုသုံးစွဲခဲ့ပြီး မြေပဲဖတ်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် မြေပဲဖတ်အစားထိုး ပဲယင်းသီးနှံများ ဝယ်ယူသုံးစွဲမှုများပြားကာ ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)