
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးရာမှ အစေ့ထုတ်ပြောင်း(CP) သီးနှံကိုလည်း ဒေသစီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ပေါက်၊ ရေစကြိုမြို့ များတွင် စိုက်ဧကအများဆုံးစိုက်ပျိုးထွက်ရှိသော မြို့နယ်များဖြစ်ပြီး နှစ်စဉ်စိုက်ဧက(၁၅၀၀၀)ခန့် စိုက်ပျိုး ကြောင်း သိရှိရသည်။
အစေ့ထုတ်ပြောင်း(CP)ကို ပြည်တွင်းမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းတိရိစ္ဆာန် အစား အစာအဖြစ်အသုံးပြုပြီး အပင်များကိုလည်း ကျွဲနွားများအတွက် အစာအဖြစ် အသုံးဝင်သည့်အပြင် ပြည်ပပို့ကုန်အဖြစ် ထိုင်း၊ တရုတ်နိုင်ငံများသို့လည်း နှစ်စဉ်တင်ပို့နိုင်၍ ပြည်တွင်းဈေးကွက်ခိုင်မာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ပခုက္ကူဈေးကွက်၌လည်း နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် အစေ့ထုတ်ပြောင်း(CP) ဝင်ရောက်မှု အနေဖြင့် နေ့စဉ် တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်(၁၅၀-၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု များပြီး ဈေးအေး၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေသပေါက်ဈေး အစေ့ထုတ် ပြောင်း(CP)တစ်တင်းလျှင် ကျပ်(၂၅၀၀၀-၂၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုဧပြီလ (စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၂၆၀၀၀)ဖြင့် ဈေးအေး၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်း(CP)ကို ပြည်တွင်းသုံးစွဲမှုနည်းသော်လည်း ပြည်ပပို့ကုန်အဖြစ် အများဆုံးတင်ပို့ပြီး ထိုင်း၊ တရုတ်နိုင်ငံမှ တိရိစ္ဆာန်အစားအစာကုန်ကြမ်းအဖြစ် ဝယ်ယူမှုများ၍ ဈေးကွက် ခိုင်မာမှုရှိကြောင်း သိရှိရသည်။
ပြည်ပပို့ကုန်သီးနှံတစ်မျိုးဖြစ်သည့် အစေ့ထုတ်ပြောင်း(CP)သည် ပြည်တွင်းသုံးစွဲမှု နည်းသော်လည်း ပြည်ပပို့ကုန်သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာခြင်းကြောင့် စိုက်တောင်သူများမှ အကျိုးအမြတ်ရရှိ၍ နှစ်စဉ်မပြတ် ဒေသစီးပွားဖြစ် စိုက်ပျိုးကြောင်း သိရှိရပါသည်။
DOCA(မကွေး)