
ခရမ်းသီးအမျိုးအစားများမှာ ပင်ထောင်၊ တစ်ဝက်ပြန့်နှင့် ပင်ပြန့်ဟူ၍ အမျိုးအစား(၃)မျိုး ရှိပါသည်။ သက်လျင်မျိုးများသည် ပင်ပြန့်မျိုးများဖြစ်၍ သက်ကြီးမျိုးမျာသည် ပင်ထောင်မျိုးများ ဖြစ်ပါသည်။ ပထမဦးဆုံးပန်းပွင့်သည့် အဆစ်နံပါတ်(၆မှ၁၄)ဆစ် အတွင်းဖြစ်ပေါ်နိုင်ပါသည်။ မြန်မာပြည်တွင် ခရမ်းကိုအကြမ်းအားဖြင့်သုံးမျိုုးခွဲခြား၍ စိုက်ပျိုးလေ့ရှိရာအရှည်မျိုးကို ဆင်စွယ် ခရမ်းဟုခေါ်သည်။ ရှည်၍ ခရမ်းရောင်၊အစိမ်းရောင်ရှိသည်။ အလုံးမျိုးတွင် လုံးဝန်းသောသဏ္ဍာန်ရှိ၍ ခရမ်း၊ အစိမ်း၊ အဖြူရောင်ရှိသည်။ လုံးရှည်မျိုးတွင် ထောပတ်ခရမ်းကို စိုက်ပျိုးလေ့ရှိပါသည်။ ခရမ်းသီးကို မြန်မာနိုင်ငံတွင်အလွန်အေးသော တောင်ပေါ်ဒေသမှလွဲ၍ ကျန်ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ရေသွင်းရေထုတ်လွယ်ကူသည့် မြေဩဇာကောင်းမွန်သော သဲနုန်းမြေကို နှစ်သက်သည်။ အာဟာရဓာတ် အလွန်စားသုံးသော သီးနှံဖြစ်ခြင်းကြောင့် မြေဩဇာထက်သန်သော မြေကို နှစ်သက်သည်။ ပူနွေးသောရာသီဥတုကို တာရှည်လိုလားသော အပင်ဖြစ်သည်။ အပူချိန်(၁၃) ဒီဂရီစင်တီဂရိတ်မှ (၂၁)ဒီဂရီစင်တီဂရိတ်တွင် အသင့်တော်ဆုံးဖြစ်သည်။ အပူချိန်(၁၃) ဒီဂရီစင်တီ ဂရိတ်အောက်ကျော်လွန်ပါက အသီးဖြစ်ထွန်းမှုကို ကျဆင်းစေပါသည်။
ကောင်းစွာဆွေးမြေ့သော နွားချေး၊ သစ်ရွက်စိမ်း၊ မြေဩဇာများအသုံးပြု၍(၃)ပေအကျယ်၊ (၃၀)ပေအရှည်ဘောင်များပြုလုပ်၍ ပျိုးထောင်နိုင်ပါသည်။မျိုးစေ့များကို တစ်တန်းနှင့်တစ်တန်း (၄)လက်မခန့်ခြား၍ ပျိုးရပါသည်။ အပင်များကြပ်မနေစေရန် မလိုသောပျိုးပင်များကို နှုတ်ပစ်ရမည်။ တစ်ဧကမျိုးစေ့(၃၀၀)ဂရမ်နှုန်းဖြင့် ပျိုးနိုင်ပါသည်။ ပျိုးထောင်ချိန်တွင် စိုက်ခင်းကို မြေပြုပြင်ထားရပါမည်။ ထယ် ၃စိတ်မှ ၄စိတ်ထိုး၍ ထွန်ရေးညက်သည်အထိ ထွန်ပေးရပါမည်။ ပျိုးကိုလိုက်၍ ပင်ကြား၊ တန်းကြားအကွာအဝေးကွာခြားတတ်သော်လည်း အများအားဖြင့် တန်းကြား(၃)ပေ ကြား(၄)ပေကြားထား၍ ရွှေ့ပြောင်းစနစ်ဖြင့် စိုက်ပျိုးရမည်။ ပျိုးပင်များ အရွက်(၅)ရွက် ရရှိလျှင် စိုက်ခင်းသို့ ရွှေ့စိုက်နိုင်ပါသည်။ သတ်မှတ်ထားသော တန်းကြား/ပင်ကြားဆုံရာကျင်းများတွင် ညနေခင်းပျိုးဘောင်မှ ပျိုးပင်များကိုနှုတ်ယူ၍ အမြစ်ဖြောင့်တန်းအောင် ချစိုက်ရမည်။ စိုက်ချိန်တွင် အစိုဓာတ်လုံလောက်ရပါမည်။ ခြောက်သွေ့ပူပြင်းသော ရာသီတွင်ဖြစ်၍ အပင်များနေပူဒဏ်မှ ကာကွယ်နိုင်ရန် သစ်ပင်သစ်ကိုင်းများ စိုက်ပေးရမည်။ ပျိုးပင်များ ကောင်းစွာအမြစ်စွဲလျှင် အရိပ်များ ဖယ်ရှားပေးနိုင်ပါသည်။
အသီးခူးဆွတ်ရန်အချိန်သည် အသီးအရွယ်အစားပေါ်မူတည်ပါသည်။ လုံးဝိုင်းပုံနှင့် ဘဲဉပုံအသီးများကို ပန်းပွင့်ပြီး(၂၅)ရက်မှ(၃၀)ရက်ကြာလျှင် ခူးဆွတ်နိုင်ပြီး အသီးအရှည်နှင့် အလွန်ရှည်သောအသီးပုံများတွင် ပန်းပွင့်ပြီး (၃၅)ရက်မှ ရက်(၄၀)ကြာလျှင် ခူးဆွတ်နိုင်ပါသည်။ အသီးအရောင်တောက်နေသောအချိန်သည် စားသုံးရန်အနေတော်ဖြစ်ပြီး အရောင်မှိုင်းသွားပါက အသီးရင့်လွန်းပြီး စားသုံးရန်မကောင်းတော့ပါ။ အသီးများကို ပုံမှန်ခူးဆွတ်ပေးခြင်းဖြင့် အသီးအထွက်နှုန်းအားကောင်းစေပါသည်။ ပဲခူးမြို့မဈေးကြီးထဲတွင် ခရမ်းသီးအလုံးအကြီးအသေး အရွယ်အစား ပေါ်မူတည်၍ တစ်ပိဿာလျှင်(၂၀၀၀-၂၅၀၀)စသည်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)