
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ရာသီပေါ်သီးနှံ တစ်မျိုးဖြစ်သည့် လိုင်ချီးသီး(ခေါ်) တရုတ်ဇီးသီးများ လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်၍ ဒေသခံပြည်သူများသာမက လူအများကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်သည်နှင့်အညီစျေးကောင်းရသကဲ့သို့ စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေတိုးပွားလျက်ရှိပါသည်။ လိုင်ချီးသီး(ခေါ်) တရုတ်ဇီးသီးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးကောင်းမြို့နယ်မရမ်းကျေးရွာများတွင် လူနေခြံဝင်းများနှင့် ဥယျာဥ်ခြံများတွင် အဓိက စိုက်ပျိုးကြပြီး အစေ့ကိုစိုက်သောအပင်များမှာ (၇)နှစ်မှ(၈)နှစ်အတွင်း အသီးစတင်သီး၍ ကိုင်းဆက်ကူး စိုက်ပျိုးပါက (၃)နှစ်မှ(၄)နှစ်အတွင်း အသီးသီးပါသည်။
မြစ်ကြီးနား လိုင်ချီးသီး(ခေါ်)တရုတ်ဇီးသီးသည် အသားထူအစေ့သေး ချိုမွှေးနေတဲ့အနံ့ရှိသည့်မျိုးနှင့် အသားပါးအစေ့ကြီး အချဥ်ဓာတ်အနည်းငယ်ရှိသည့်မျိုးဟူ၍(၂)မျိုးရှိပြီး အမျိုးအစားပေါ်မူတည် ၍ စျေးနှုန်းကွာခြားချက်ရှိပြီး (၂)မျိုးစလုံးကို စားသုံးသူများ ကြိုက်နှစ်သက်ကြောင်း တွေ့ရှိရပါသည်။
မြစ်ကြီးနား လိုင်ချီးသီး(ခေါ်)တရုတ်ဇီးသီးသည် မေလတွင် စတင်ထွက်ပေါ်ပြီး သီးနှံပေါ်ချိန် ရက်သတ္တပတ်နှစ်ပတ် မှ သုံးပတ်အတွင်းသာ အချိန်တိုတောင်းသည့်အတွက် ဝယ်ယူရောင်းချချိန် တိုတောင်းကြောင်း၊ သီးနှံရောင်းဝယ်သူများအနေဖြင့် အပင်ပြတ်ဝယ်ယူကြောင်း၊ အသားထူ အစေ့သေးမျိုးအား အသီးအရေအတွက်ပေါ်မူတည်၍ တစ်ပင်လျှင် ၂၅၀၀၀၀ကျပ် မှ ၃၅၀၀၀၀ကျပ် အထိလည်းကောင်း အသားပါးအစေ့ကြီးမျိုးအား ၁၅၀၀၀၀ကျပ် မှ ၂၂၀၀၀၀ကျပ်အထိ လည်းကောင်း ခြံအရောက်ဝယ်ယူလျက်ရှိကြောင်း၊ လက်လီစျေးနှုန်း အနေဖြင့်စတင်ထွက်ပေါ်ချိန်တွင် အသားထူ အစေ့ကြီးမျိုးအလုံး(၅၀)ပါ တစ်တွဲကို ၃၅၀၀ကျပ်၊ အသားပါးအစေ့ကြီး အလုံး(၅၀)ပါ တစ်တွဲလျှင် ၂၅၀၀ကျပ်၊ လှိုင်လှိုင်ပေါ်ထွက်ချိန်တွင် အသားထူအစေ့သေးမျိုး တစ်တွဲလျှင် ၃၀၀၀ကျပ်၊ အသားပါး အစေ့ကြီးမျိုးတစ်တွဲလျှင် ၂၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သီးနှံရောင်းဝယ်သူတစ်ဦးထံမှ သိရပါသည်။
ကျန်းမာရေးနှင့်ကိုက်ညီသည့် မြစ်ကြီးနား ဒေသထွက် လိုင်ချီးသီး(ခေါ်)တရုတ်ဇီးသီးသည် စားသုံးသူအနေဖြင့် နှစ်ခြိုက်စွာဝယ်ယူစားသုံးသကဲ့သို့ ရပ်ဝေးမှမိသားစုဝင်များ မိတ်ဆွေများထံ လက်ဆောင်များပေးပို့လျက်ရှိပြီး စိုက်ပျိုးသူများလည်း ဝင်ငွေရ၊ ရောင်းချသူများလည်း အကျိုးအမြတ်ရရှိသော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(ကချင်)