ဝမ်းတွင်းမြို့နယ်တွင်စပါးဈေးငြိမ်နေ

Powered by Drupal

မိတ္ထီလာခရိုင်အတွင်း စပါးအများဆုံးစိုက်ပျိုးသော ဝမ်းတွင်းမြို့နယ်တွင် စပါးဈေးငြိမ်နေကြောင်း သိရသည်။မိတ္ထီလာခရိုင်အတွင်း နှစ်စဉ်မိုးစပါးဧက တစ်သိန်းကျော်စိုက်ပျိုးရာမှာ ဝမ်းတွင်းမြို့နယ်တွင် ဧက (၆၀၀၀၀)ခန့်နှင့် ထက်ဝက်ကျော်စိုက်ပျိုးလေ့ရှိပါသည်။ စိုက်ပျိုးရာတွင်လည်း ဒေသရာသီဥတုနဲ့ လျော်ညီတဲ့ မနောသုခမျိုးကို မိုးစပါးအနေနဲ့ အများဆုံးစိုက်ပျိုးကြပါသည်။ နွေစပါးကိုတော့ ဆည်ရေ ရရှိတဲ့ကျေးရွာအချို့မှာ သက်နုစပါးဖြစ်တဲ့ရက်(၉၀)၊ ရွှေသွယ်ရင်စပါးကိုစိုက်ပျိုးကြရာ ပြီးခဲ့သည့် နွေစပါးရာသီက မိတ္ထီလာမြို့နယ်မှာသာ အနည်းငယ်သာစိုက်ပျိုးနိုင်ခဲ့ပါသည်။စပါးဈေးကွက်အနေဖြင့် ပြီးခဲ့သည့် မိုးစပါးပေါ်ချိန် ၂၀၂၄ ၊ ဒီဇင်ဘာလတွင် စပါးသစ်ဈေးနှုန်းများမှာ မနောသုခစပါး (၂၂) သိန်း ကျပ်၊ပဒေသာစပါး(၃၀)သိန်းကျပ်ရှိခဲ့ပြီး စပါးအရောင်းအဝယ်အေးနေခဲ့ပါသည်။သင်္ကြန်ပြီးစကအနည်း ငယ်အဝယ်လိုက်ခဲ့သည့်အတွက် တောင်သူကဈေးမြင့်လာမည်ဟု မျှော်မှန်းခဲ့သော်လည်း ဈေးငြိမ်နေကာ လက်ရှိပေါက်ဈေးမှာ မနောသုခစပါး(၂၂) သိန်းကျပ် ၊ ပဒေသာစပါး(၃၀)သိန်းကျပ်ရှိပြီး ဆန်ဈေးနှုန်းများ အနေဖြင့် မနောသုခဆန် (၂၄)ပြည် တစ်အိတ် (၈၀၀၀၀)ကျပ်နှင့် ပဒေသာဆန်(၂၄)ပြည် တစ်အိတ် (၁၁၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ဈေးငြိမ်နေကြောင်း သိရသည်။

DOCA(မန္တလေး)