
စပါးလင်ပင်သည် မြက်ပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီးတစ်ပင်နှင့်တစ်ပင် စုပြုံပေါက်လေ့ရှိပါသည်။ မိုးအခါတွင်စိုက်ပျိုးရပြီး ရေဝပ်ခြင်းမနှစ်သက်ပါ။ စပါးလင်ကို အထူးတလည် ဂရုစိုက်ရန် မလိုပဲ ပေါင်းမြက် ရှင်းလင်းပေးရန်သာ လိုအပ်ပါသည်။ စပါးလင်ပင်သည် မြေသစ်၌ ဖြစ်ထွန်းလေ့ရှိရာမြေဩဇာ ထည့်ပေးရန်မလိုဘဲ တစ်ခါစိုက်ပျိုးပြီးပါက သုံးလေးနှစ်ခံပါသည် တစ်ချို့စိုက်ပျိုးသူများမှာ အပင်တစ်အုံလုံးကို တူးဖော်ရောင်းချပြီး တစ်နှစ်တစ်ခါမိုးရာသီတွင် ပြန်လည်စိုက်ပျိုးကြပါသည်။ တစ်နှစ်သား စပါးလင်တစ်အုံလျှင် စပါးလင်ပင်အရေအတွက် (၁၅)ပင်နှင့် (၂၀)ပင်ကြား ထွက်ရှိပါသည်။ စပါးလင်ပင်သည် ဆေးဘက်ဝင်ပြီး အများအားဖြင့် ဟင်းလျာများတွင် အနံ့ကောင်းစေရန် အသုံးပြုကြပါသည်။
နတ်တလင်းခရိုင်၊ နတ်တလင်းမြို့အတွင်းရှိ ကျေးရွာ အချို့တွင် စပါးလင်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသလို ရှားဖြူကုန်းကျေးရွာ၊ ကုန်းကြီးကျေးရွာ ခြံစိုက်တောင်သူ အချို့မှာ ကီလိုမာလကာပင်များ အကြားတွင်ကြားသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ဈေးနှုန်းအနေဖြင့် ယခုမေလ စတုတ္တပတ်တွင် ခြံပေါက်ဈေး အပင်(၁၀၀)လျှင် (၅၀၀၀) ကျပ်နှုန်းရောင်းချရကြောင်း စပါးလင်စိုက်တောင်သူများ ထံမှသိရပြီး ဈေးကွက်အတွင်း စပါလင်ပင်သုံးပင်ပါ တစ်စီး (၂၀၀-၂၅၀)ကျပ်ဖြင့် ရောင်းချနေ ကြောင်းသိရပါသည်။ ဈေးကွက်နေဖြင့် ဒေသတွင်းနှင့် ကြို့ပင်ကောက်မြို့၊ ပေါင်းတည်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)