ပန်းပျိုးပင်ဈေးကွက်

Powered by Drupal

   “သစ်ပင်စိုက်ပါတို့ကမ္ဘာ သာယာလှပစိမ်းမြမြ” ဆိုသည့်အတိုင်း ကမ္ဘာမြေကြီးကိုအလှဆင် ထားသည်မှာ သစ်ပင်ပန်းပင်များဖြစ်ပါသည်။လူနှင့်သတ္တဝါတို့အသက်ရှင်သန်နေထိုင်ရန်အတွက် အဓိကလိုအပ်သော အောက်ဆီဂျင်ကို သစ်ပင်ပန်းပင်များက ထုတ်လွှတ်ပေးနိုင်သလို လူနှင့် သတ္တဝါတို့ ပြန်လည်ရှူထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် စက်ရုံအလုပ်ရုံများမှ ထွက်သော ဓာတ်ငွေ့များကို စုပ်ယူရန်အတွက် သစ်ပင်ပန်းပင်များစိုက်ပျိုးရန် လိုအပ်ပါ သည်။ အသက်ရှည်လိုလျှင် သစ်ပင်စိုက်ပါ။ သစ်ပင်ဟုဆိုရာဝယ် အရိပ်ရပင်၊ ပန်းပင်နှင့် သီးပင်စားပင် တို့ပါဝင်သည်။ အရိပ်ရပင်များက အေးမြမှုကိုပေးသလို ပန်းပင်များက စိတ်ကြည်နူးဆွတ်ပျံမှု ကိုပေးပါသည်။ သီးပင်စားပင်များကဆိုလျှင် ဆိုဖွယ်ရာမရှိလူတို့စားဝတ်နေရေးအတွက် လွန်စွာ အသုံးဝင်လှပါသည်။ ကိုယ်စိုက်ပျိုးထားသည့် သစ်ပင်၊ စားပင်၊ ပန်းပင်ကလေးများ တရိပ်ရိပ် ကြီးထွားလာပြီး ရှင်သန်ဖြစ်ထွန်းလာလျှင် (သို့) အသီးသီးလာလျှင် (သို့) ပန်းပွင့်လာလျှင် သစ်ပင် စိုက်သူတို့ရင်ဝယ် အမောပြေစေပါသည်။ တစ်ချို့အပင်ချစ်သူများဆိုလျှင် သူတို့အပင်လေးတွေကို သားသမီးသဖွယ် အရိပ်တကြည့်ကြည့်ဖြင့်ကြည့်ရင်း ကြည်နူးနေတတ်ကြပါသည်။ သစ်ပင်ပန်းပင် တို့သည် လူတို့၏ စိတ်ကိုကြည်နူးစေသောကြောင့် နှစ်စဉ်နှစ်တိုင်းပြင်ဦးလွင်မြို့ရှိ  ကန်တော်ကြီး ဥယျာဉ်တွင် ပန်းပွဲတော်ကျင်းပလျက်ရှိခြင်းနှင့် မန္တလေးမြို့တွင်လည်း သစ်သီးဝလံပန်မာန် ပြပွဲပြိုင်ပွဲပြုလုပ်လျက်ရှိပြီး အဆိုပါပွဲတော်များသို့လာရောက်သူများနှင့် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားလျက်ရှိပါသည်။ သစ်ပင်၊ ပန်းပင်များကို စိတ်ပါဝင်စားစွာစိုက်ပျိုးသူများပြားလာခြင်း ကြောင့် သစ်ပင်၊ ပန်းပင်၊ ပျိုးပင် ရောင်းချသူများပြားလျက်ရှိပါသည်။ မန္တလေးမြို့တွင်း မြို့ထွက်လမ်းဘေး/ ဝဲယာများ၊ ပုသိမ်ကြီး၊ မတ္တရာ၊ စဥ့်ကိုင်နှင့် ကျောက်ဆည် ဟံမြင့်မိုရ်တို့ရှိ ပန်းပျိုးပင်ရောင်းချဆိုင်များမှာ အရောင်းအဝယ်ကောင်းလျက် ရှိလာပြီဖြစ်သည်။ လမ်းဘေး ဝဲယာဘုရားကျောင်း၊ အိမ်နေရာခြံဝန်းများတွင် ပန်းအလှပင်သီးပင်စားပင်များ အများအပြား စိုက်ပျိုးကြလာပြီဖြစ်သည်။

          သစ်ပင်၊ ပန်းပင်၊ စားပင်မျိုးစုံရှိသည့်အနက် အရောင်းသွက်သည့်အပင်များမှာ သပြေဘူတ၊ ပန်းစက္ကူရောင်စုံ၊ ကံ့ကော်၊ ဇကားဝါ၊ စကားဖြူ၊ သနပ်ခါးပန်း၊ ယုဇန၊ နှင်းဆီ၊ စံပယ်၊ သပြေ၊ သစ်ခွပင်၊ ဇွန်၊ ဇီဇဝါပန်းပင်စသည်ဖြင့် မွှေးသောပန်း၊ လှသောပန်းပင်များ၊ သီးပင်စားပင် များဖြစ်ကြသော သံပုရာပင်၊ သံပုယိုပင်၊ သရက်ပင်၊ ဒန့်ဒလွန်ပင်၊ ပိန္နဲပင်၊ အုန်းပင်၊ မာလကာပင်၊ ဇီးပင်၊ ဆူးပုတ်ကြီး/ဆူးပုတ်ကလေး၊ ကင်မွန်းချဉ်၊ ဂွေးတောက်ပင်များ၊ ရှောက်ပင်များနှင့် အရိပ်ရပင်များဖြစ်ကြသော ပိတောက်ပင်၊ ဧကရာဇ်ပင်၊ ဗန်ဒါပင်၊ ငုဝါပင်၊ စိန်ပန်းပြာပင်၊ ခရေပင်စသည့်ဖြင့် အပင်မျိုးစုံ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။ (မြလေး၊ သရဖီ၊ ခွာညို၊ပန်းအိဖြူနီ) ပန်းအလှပင်များမှ အရွယ်အစား၊ အကြီးအသေးပေါ်မူတည်၍ ၁၀၀၀ မှ ၅၀၀၀ ကျပ်၊ သီးပင်စားပင်များမှာလည်း ၁၀၀၀ မှ ၇၀၀၀ ကျပ်၊ အရိပ်ရပင်များမှာ ၁၀၀၀ မှ ၃၀၀၀ကျပ် ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရသည်။ ပန်းပျိုးပင်ခြံများအထိ လာရောက်ဝယ်ယူသူ များရှိသကဲ့သို့ကား၊ ဆိုင်ကယ်များဖြင့် ကျေးရွာ၊ တောရောမြို့ပါမကျန် လှည့်လည်ရောင်းချမှုများနှင့် ဖုန်းဆက်မှာယူပါကလည်း အိမ်ရောက်ပေးပို့သည့်စနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးဥယျာဉ်ရောင်းချသူထံမှ သိရှိရပါသည်။

          “ တစ်သက်ပျော်ရွှင်ချင်လျှင် သစ်ပင်စိုက်ပါ ” သစ်ပင်ပန်းပင်ကလေးတွေကသာ စကားပြောတတ်မည်ဆိုလျှင် အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ဖြစ်ပါ သည်။

DOCA(မန္တလေး)